This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Tuesday, March 23, 2010

အလိုအလျောက် ကဗျာရေးစက်

အလိုအလျောက် ကဗျာရေးစက်



ကလေးလေးတယောက်ကိုအိပ်ယာကနှိုးလိုက်ဖို့စောသေးတယ်

ဂျောက်ကနဲ တံခါးပိတ်သံ တဝေါဝေါ ရထားဖြတ်မောင်းသွားသံ

ချယ်နယ်နျူးအေးရှားသတင်းကြေညာသံတိုးသဲ့သဲ့

နေ့အသစ်တခုနဲ့ မိတ်ဖွဲ့ရတဲ့အခါတိုင်း

တွေ့ရတာဝမ်းသာပါတယ် (ဒါပေမယ့်) ထင်သလောက်မလွယ်ဘူး


အေယူဒီ ဇီးရိုးပွိုင့်အိတ်အိတ်ဇီးရိုးဖိုး စာတန်းတွေအကြောင်းလိုက်

အကြောင်းလိုက်ပြေးဝင်သွားတာ သက်ပြင်းမှုံမှုံကလေး နေရောင်စူးစူး

မိုက်ခွက်တွေ တပြုံလုံးအထိုးခံနေရသူကိုသနားရမလား ကိုယ့်ကိုယ်ကိုပဲ..

မီးလောင်နေတဲ့ ယောက်ယက်ခတ်မှုထဲမှာ မြောက်တက်

ပြာလို တအိအိ ပြန်ဆင်းလာခဲ့မယ်

ကတိစကားဟာ ခဏခဏလဲဝတ်တဲ့ တီရှပ်တွေ

စာသားနဲ့လူကိုတွဲချိတ်လိုက်ဖို့ လူတိုင်းလိုလားသလား ဆိုတော့

အအေးနဲ့ကိုက်ညှပ်ထားတဲ့ ပုံပန်းသဏ္ဍာန်

သဘာဝဟာချစ်စရာလား ကြောက်ရွံ့ထိတ်လန့်စရာဆီ

ပြက္ခဒိန်နဲ့ စကားပြောခြင်းများ စတင်ခဲ့ရာ သတ်မှတ်ချက်စကားလုံး

/အချိန်/

စခရင်မှာ ပေါ်နေတဲ့ စာသားအရဆိုရရင် အခုအချိန်ဟာ နံနက်ခင်း တဲ့

ပျော့ပျော့ကလေး ထိုးနှိုက်လိုက်တဲ့ စိတ်ထဲ သာယာမှုကို ထိစမ်းမိသေးလား

တထစ်ချင်းဖြုတ်ချလာခဲ့ရာ သန်းပေါင်းထောင်ပေါင်းများစွာ

ဖြစ်လိုက် ပျက်လိုက် ပြန်ဖြစ်လိုက် ပြန်ပျက်လိုက်

နောက်ထပ်ဖြစ်လိုက်ပျက်လိုက်တွေအနန္တ

လှုပ်ခါလိုက်တဲ့ ခွေးတကောင်ပေါ်က လွင့်ထွက်ကျလာတဲ့ ခွေးလှေးတွေပမာ

ယင်းတော်မလေးသည် မျက်စေ့တဖက်ပျက်နေသူ

အသက်ရှူရတာ အိုင်စကရင်စားနေရသလိုပဲ

ပွဖောင်းဖောင်း ( ပွယောင်းယောင်းဟုရေးလျှင်လည်းရ) လေအိတ်တွေ သီးပြွတ်နေလျက်

မိုးကောင်းကင်ဆိုင်ရာ ဒဿန ဟု လမ်းဖြတ်ကူးတော့မယ့် လူတယောက်ရဲ့ အပြော

လက်ထပ်လက်စွပ်ကို စမ်းမိတဲ့အခါ ရေချိုးခန်းပေါက်ဝမှာ ချော်လဲသူ

ပန်းတွေ အားပါးတရပွင့်နေတဲ့ ဥယျာဉ်ထဲ

အဘိဓါန်ကိုသုံးတယ်ဆိုလဲ စာလုံးပေါင်းမှန်မမှန်ကြည့်ရုံမျှသာ

တားကက်ကို ဒါရိုက်ဟစ် ခင်ဗျားဘာမှ စိတ်ညစ်မနေနဲ့တော့

ဗဟိုထိန်းချုပ်ခန်းက အော်တိုခလုပ်ကိုတင်လိုက်ပြီ

အခုအချိန်ကစပြီး အားလုံး အော်တို။ ။





ခင်အောင်အေး

၂၂၊ ဒီဇင်ဘာ၊ ၂၀၀၉ စင်္ကာပူစံတော်ချိန် ၁၀း၁၈ နာရီ

Monday, March 8, 2010

လူပျက်


ငါ့ကို ပျော်တော်ဆက်စမ်းပါ
နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်တဲ့အခါ ဘုရင်မင်းမြတ်ကို အပျော်(တော်)ဆက်သ ရတယ်လို့
ငါ့ တစွန်းတစ ဗဟုသုတနဲ့ တောင်းဆိုလိုက်မယ်
ငါ နှလုံးစိတ်ဝမ်း မရွှင်မလန်းဖြစ်နေလို့ ဒါ

ပေမယ့် ငါက ဘုရင်မင်းမြတ်တယောက် မဟုတ်ဘူး မင်းမြတ်ဘုရင်လည်းမဟုတ်
မြတ်မင်းဘုရင်လား ဘုမြတ်ရင်မင်းလား ခနိုးခနဲ့ မင်းမို့ မင်းမျက်မာန်တော် ရှ မှာ မစိုးရွံ့ပဲ
ပြောရဲဆိုရဲ နှုတ်သရမ်းရဲတဲ့အကောင် သဘောက်မသား ငါ့သံလျက်ဖျားမှာ အသက်
ပါရော့မယ် အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ စပါးဆို စပါး မယားဆို မယား
မင့် မကြားဖူးရော့သလား

(အော်..
ပြဇာတ်ကိုး)

ဒါလဲ ပျော်တော်ဆက်နည်း တခုလို့ သက္ကရာဇ် ၂၀၀၀
ဒီဘက်မှာ ဆိုမယ်ဆိုလည်း ဆိုလို့ရသပေါ့ ကောင်းကင်ကလဲ ဗုံလိုပမာ အချက်ပေးလို့ရ ကိုယ်ခန္ဓာ
တပြုံတမ လုံး တဆတ်ဆတ် တုန်ရင်လို့ရ မိုက်ခရိုဖုံး ကို မမြင်အောင်ဝှက်ပြီး သီချင်းတွေ က, ရင်းခုန်ရင်း
ဆိုလို့ရ ရုံဝင်ခ မြှင့်တင်လို့လည်းရ ည ည လိုက်အိပ်လို့လည်းရ ခရစ်တော်၌ အိပ်ပျော်ချင်သလောက် အိပ်
ပျော် လို့လည်းရ
" နို့ ဒီ ခြံစည်းရိုးကို ဘယ်သူက ခတ်မှာတဲ့တုန်း"
" နို့ ဒီ ပန်းချီကားကို ဘယ်သူက ချိတ်ဆွဲမှာတဲ့တုန်း"
" နို့ ဒီ ရာသီဥတုကို ဘယ်သူက အမိန့်ပြန်တမ်းထုတ်မှာတဲ့တုန်း"
" နို့ ဒီ ကဒ်ပြားမှာ ဘယ်သူက အချက်အလက်အမှန်တွေ ဖြည့်စွက်မှာတဲ့တုန်း"
" နို့ ဒီ ပလာမဲကို ဘယ်သူက ခပ်တည်တည် ပေါက်မဲလုပ်မှာတဲ့တုန်း "
ဟ ငါက မရောက်အောင်သွားနေတာ မရွေ့အောင်လှမ်းနေတာ မဖြစ်အောင် ပျက်နေတာ
ငါက လူပျက်
ငါက လူရွင်တော်မဟုတ်ဘူး

အောင်မာ -
ရာရာစစ
ငါ့ကို ပျော်တော် လာမဆက်ခိုင်းနဲ့။ ။

ခင်အောင်အေး
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၂၁း၁၇ နာရီ

Tuesday, October 6, 2009

မိုက်ကယ်လ်ဂျက်ဆင်၊ သေပြီဆရာ..


နေရောင်လက်ကျန်က တိုက်နံရံတချို့ ဓါတ်တိုင်နဲ့ ပလက်ဖောင်းပေါ် ကိုးလိုးကန့်လန့်
သက်ရှိသတ္တ၀ါလိုဖွဲ့ရရင် မခွဲနိုင် မခွာရက်ဟန် သင်တန်းကျောင်းမှာ သင်ခန်းစာ
အသစ် ပြဌာန်းစာအုပ် ပါမလာလို့ ဒဏ်ပေးခံရတဲ့ ကလေးဘ၀ ဓါတ်ပုံ အယ်လဘမ်
အနှစ်ခြောက်ဆယ် မြေဂရမ် စာချုပ် သမ၀ါယမ ဆိုင်းဘုတ်အောက်မှာ


ခုလေးတင် တက္ကစီပေါ်က ဆင်းလာတယ် အပြေးတပိုင်းဘဲလ်ဘွိုင် ကို ဘောက်ဆူးတွေ
ဘာတွေ ပစ်ပေးပြီး ရှန်ပိန် မှာသံ လဲ ကြားလိုက်တယ်၊ တိမ်ပေါ်မှာ ပန်းချီရေးမလား ရေငွေ့
ပါဝင်မှု နှုန်း နဲ့ ကာဗွန်ပမာဏ ကိုတွက်ချက်မလား၊ ကြိုက်ရာရွေးဖို့ အခွင့်အရေး ရလေ သင့်
အရေပြား တွန့်ရွဲ့မှု ကိန်း မြင့်တက်လေလေ


တိမ်တောက်ချိန် ဆိုတဲ့ ဗမာစကားလုံး တောက်ပလွန်းနေတယ် အမြင်အာရုံ ပြာဟောက်သွားသည်ထိ
တေးသွားကို တီးခတ်လိုက်စဉ် အားလျော့ ပျော့ခွေစ အလင်းတွေ နောက်ဆုတ်ထွက်ခွာမှုမှာ
ကြယ်တာရာ အသိန်းအသောင်း တို့ ရယ်သွမ်းသွေးသံဖြင့် စိုပြေ စိုပြေ စိုပြေ
ကင်းခြေများတွေ မြူးတူးကြတဲ့ ဒီအချိန်မျိုး ပေါ့


ကျွန်ပ်ကဘာကို ဆက်လက် ရွတ်ဖတ်ပြရဦးမည်နည်း။ အော်ပရေတာ..အော်ပရေတာ..
နှင်းခဲ တွေ ပြည့်သိပ်နေတဲ့မြင်ကွင်းမျိုး ကြည့်လို့သိပ်ကောင်းတယ် “သားရေ..နှာခေါင်းမှာ
ဘာတပ်” “ဟုတ်..ဖေ..၊ သား ကဲရော့ ပြေးယူလိုက်ဦးမယ်” ၀က်ကမ်င် မှာ သားအဖ ဆက်ဆံရေး
အေးခဲတဲ့ ရာသီဥတု အောက်က something နွေးနွေးလေး မျက်ဝန်းမှာ ငွေ့ရည် လဲ့လဲ့


မရှိတာကို ရှိတာလို လုပ်ပြီး ရှိတာကိုမရှိ တာ လုပ်ပစ်တဲ့ သိပ္ပံလောကကြီး အနုပညာနဲ့
ထိပ်တိုက်တွေ့တဲ့အခါ သူက ဦးအောင် ရူးချင်ယောင်ဆောင်သတဲ့၊ ရတယ်..ကိစ္စမရှိဘူး
လူ့အဖွဲ့အစည်း၏ယဉ်ကျေးမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပညာသားပါပါ မယဉ်ကျေးတာ
ကိုက ယဉ်ကျေးမှုလို့ ဇွတ်ဖြည့်စွက်နိုင်သေး


ကွယ်လွန်သွားပါပြီ.. နေလုံးကြီး အနောက်အရပ်မိုးကုပ်စက်ဝိုင်းကိုမေးတင်ပြီး တစတစ ကွယ်ပျောက်
လွန်မြောက် သွားတာကိုပြောတာပါ ဟေ့ ကလေး.. မင်းဆိုနေတာ ဘာသီချင်း…မိုက်ကယ်ဂျက်ဆင်
ကိုမင်းသိလား အိုး မိုင်ဂေါ့ဒ် သူက မွန်းဝေါ့ခ်တောင် ကပြလိုက်သေးတယ် သေပြီဆရာ…။ ။


ခင်အောင်အေး
၃၊ စက်တင်ဘာ၊ ၂၀၀၉

Tuesday, September 29, 2009

ကိုယ်အဆင်သင့်မဖြစ်သေးဘူး



ကိုယ်အဆင်သင့်မဖြစ်သေးဘူး မုတ်ဆိတ် မရိပ်ရသေးဘူး အတွင်းခံဘောင်းဘီမ၀တ်ရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဒီနေ့ထမ်းရမယ့်အထုတ်ကိုမ, မကြည့်ရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကြိုးကိုမကျစ်ရသေးဘူး ဖယောင်းမကျိုရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကျီးကန်းတကောင်ကိုထောင်ဖမ်းနေတာ မမိသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး အော်သံတွေကို ခံစားချက်အလိုက် အုပ်စုခွဲလို့မပြီးသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကောင်းရာသုဂတိလားပါစေ အခေါက်တသိန်းမပြည့်သေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ၁၉၉၆ ခုနှစ်က စပယ်ရုံကလေးကို စိတ်ကျေနပ်အောင် မပြုစုရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး လူသားအကျိုးပြုလုပ်ငန်းဆိုတာမျိုး တခါမှလုပ်မကြည့်ဖူးသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ယင်ကောင်တွေကုန်အောင် မောင်းမထုတ်ရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဘာအနှစ်သာရမှမရှိဘူး ပြောကြတဲ့ ဟောဒီလောကီကို မငြီးငွေ့သေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ရောက်တဲ့နေရာကနေ ရှေ့နောက်ပြန်ပြန် ရစ်နေရတာ မပြီးနိုင်သေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကလေးဘ၀ကသူငယ်ချင်း ခင်ရွှေ ကိုသူ့ဂျင်ကလေးခုထိပြန်မပေးရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကင်းန် ရုပ်ရှင်ဆုပေးပွဲဝင်ခွင့်ရနိုင်လောက်တဲ့ ရုပ်ရှင်တကားမှ မရိုက်ရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး deep freezer တလုံးထဲ ၀င်မအိပ်ဖူးသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဧရာဝတီအကြောင်း ကိုခင်ဝမ်းပြောခဲ့တာထက် နည်းနည်းလောက် ထပ်ပြောဘို့ ကြိုးစားနေတာ မအောင်မြင်သေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး အနှုတ်လက္ခဏာနဲ့ စိန်ခေါ်ထိုးသတ်ပွဲအတွက် ကြံ့ခိုင်ရေးမပြည့်စုံသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကောင်းကင်နဲ့မြေကြီးနဲ့ ဟ ဟ သွားတဲ့နေရာကို ပြန်ဆွဲစေ့လို့မရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ်ပိုင်ပြက္ခဒိန်တစောင် (တနလာင်္နေ့) မပါပဲထုတ်ဖို့ဟာ အထမမြောက်သေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ပိုးဟပ်အသေ အခြောက်လေးတွေ စုနေတာ လိုသလောက်မရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ရေဘူးနဲ့ ဖိနပ် သွားဝယ်တာ ပိုက်ဆံမလောက်လို့ မ၀ယ်ခဲ့ရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ စာတွေ ကုန်အောင်မဖတ်ရသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ့်အတွက် နတ်ပြည်မှာ ဗိမာန်ကြီးတခု မပေါက်သေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ဖနောင့်စုတ်နေတဲ့ ခြေအိတ်လေး ဖာနေတာ မပြီးသေးဘူး

ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ်အဆင်သင့်မဖြစ်သေးဘူး ကိုယ်အဆင်သင့်မဖြစ်သေးဘူး။ ။



ခင်အောင်အေး

၂၉၊ စက်တင်ဘာ၊ ၂၀၀၉ ဘန်ကောက်စံတော်ချိန် ၁၅း၂၃ နာရီ

Tuesday, September 8, 2009

ကဗျာဆရာ ၊ မြိုင်ရာဇာတွတ်ပီ နှင့် ဘရစ်တနီစပီးယား

 
                                                ပန်းချီသန်းဌေးမောင်

ရယ်စရာတွေ တွေ့နေလျက် ရယ်လို့တောင်မရတဲ့ အခြေဆိုက်နေတာ
အဲဒီလိုဖြစ်နေတာ ကိုယ်နှိုက်က ရယ်စရာ..(ရယ်လိုက်ပြီ..ဟား…ဟား…ဟား…)

ရူးသလိုလို ပေါသလိုလိုနဲ့ သူကိုယ့်ကိုကြည့်တယ်
အခြောက်တိုက် ရယ်နေနိုင်တာကိုက သူရူးရူးပေါပေါမှန်း ထောက်ခံချက်ပေးနေပြီးသား။

ခြေထောက်မှာခြင်ကိုက်တယ် နဖူးဆံစပ်မှာ ချွေးတလုံးလုံး
အမေရိကားမှာ အခွန်အတုတ် ကိစ္စ အောက်လွှတ်တော်မှ အထက် လွှတ်တော်ကိုတက်သွားပြီ။

နောက်ပြောင်ရင်း နောက်ချေးပုံတက်နင်း နောက်ထပ် ငါမပြောတော့ဘူး
နနောက်(နွားနောက်) ကို နောက်ထား၍ နဖားကြိုး ထိုးပြီး နွားပွဲသွားမလို့။

ရှုတည်တည်နဲ့ ကြည့်မနေနဲ့
ကိုယ့်ကဗျာ ကိုယ်ရေး..ကိုယ့်ကာရန်နဲ့ကိုယ် သင့်အောင်နေ။

ညောင်..ညောင်..ညောင်..မြန်မာကြောင် ယိုးဒယားကြောင် အာစီယံကြောင် ပါရှားကြောင်
ဥရောပကြောင် ပင်လယ်ကွေ့ကြောင် တောင်အမေရိကကြောင် ငကြောင်။

ဆင်တွေဟာ သူတို့ဆွေမျိုးတွေကို ဘယ်လိုမှတ်မိကြသလဲ
လက်ကောက်ဝတ်မှာ သင်္ဃန်းအ၀ါရောင် အစကို စည်းနှောင်လျက် စည်းကျိုး။

ရောက်အောင်သွားမယ် တောင်/မြောက်ဝင်ရိုးစွန်း
ရောက်အောင်တက်မယ် မောင့် ဧ၀ရက် တောင်ထွဋ် ။

နောက်ထပ်ပြောစရာဘာမှမရှိ
(လွှတ်ကနဲ..) ဘရစ်တနီစပီးယားတောင် ကြည့်နေရင်းအသက်ကြီးသွားပြီလို့ ပြောမိ။ ။


ခင်အောင်အေး

၂၃၊ သြဂတ်စ်၊ ၂၀၀၉

Tuesday, September 1, 2009

ဇေယျာလင်းနဲ့ ရို့စ်မရီနဲ့ နှစ်ပါးသွား

                                                                                                                          ပန်းချီ ခင်မောင်ရင်


အေ ဘီ စီ ဒီ တွေနဲ့ ၀မ်းတူးသရီးဖိုးတွေနဲ့ ပိရမစ်တွေနဲ့ မြစ်ကမ်းနဖူးက နတ်ကွန်းနဲ့
အေဒီတွေ ဘီစီတွေ သာသနာသက္ကရာဇ်တွေ ခရစ်သက္ကရာဇ်တွေနဲ့ ကိုယ်လုံးတီးပုံ ပြက္ခဒိန်တွေနဲ့


ဘယ်အထိဆွေးရမလဲ ဟုတ်လား ကမ္ဘာချဉ်းတိုင်ပေါ့ကွယ် ဘာခက်တာလိုက်လို့ ချင်တွယ်ရတာ
အခုပဲဆင်းလာနေပြီ ပြုတ်ကျလာနေပြီ မြေခ ကြွေကျ ဖြေမရ စာမေးပွဲကျ
မလှပတဲ့ဘ၀(လို့)ကဗျာစပ်လိုက်သေး


အုန်းမှုတ်ခွက်မင်းသားပါ ဆူပါမင်းသားပါ ဟောလီးဝုဒ် အထိထိုးဖောက်ဦးမှာ ဘီလူးခေါင်းစွပ်ကိုမ ပင့်ကာ
သီရေတာ အာ့ထ် ၀ါ့ခ် သီအိုရီ ပရဲဆမ်တေးရှင်း ခြောက်လုံးပတ်ဝိဥာဉ် အဖိ အဖော့မှာ အော်စကာ ရုပ်တု


ငါးခြောက်ပန်းကန်လေး ရှေ့တိုး ထန်းလက်နဲ့မကာနဲ့ အေဖိုး တရွက်စာ ဗျတ်ဝိ ဗျတ္တ ငိုချင်းချ
အပြောကောင်း အဟောကောင်းကလေး နေ့တွက်ဘယ်လောက်ပေး ညကြေး ဘယ်ရွေ့ ဘယ်မျှ..


အာရုံခံစားမှု အဆက်အစပ်ပြတ်တောက်ခြင်းဟာ နံနက်စာစားနေတယ် ခွေလိပ်နေတဲ့ နဖူးဆံစပ်
ပစ်မှတ်ကို အတိအကျချိန်ပြီး ဘတ်တန် ကိုဖိချလိုက်တယ် ပေါ့ပါးသောသတ္တုအိမ် ရှည်မျောမျောရဲ့ခရီးစဉ်


သုံးပြီးသားတစ်သျှူးစက္ကူအစအနတွေ မြှော်တလင့်လင့် မီးကင်ပေါင်မုန့်ထောပတ်သုတ် ပစ်တိုင်းထောင်ရုပ်
ဟုတ်တယ် ကြိုးရှုပ်တယ် မျိုးဖြုတ်တယ် ဆိုးယုတ်တယ် အိုးပုတ်သည် အရသာဖွယ် တယ်တယ်

“မင်္ဂလာပါ”.. စကားလုံးတွေ သူယူသုံးသွားလို့ အကုန်ပြောင်ပြီ ငါရေးစရာမရှိတော့ ၀မ်းနည်းပက်လက်
ကုက္ကိုပင်အောက်ထိုင်ငေး ငှက်ပျောတုံးကြီးမျောလာ(ရေမကူးတတ်)ဘယ်နတ်ကမှလဲ ပေါက်ဆိန်လာမပြဘူး


အဘိဓါန်ရဲ့အကူအညီကိုမရယူခင် လက်ချောင်းထိပ်ဖျားတွေမှာတဆတ်ဆတ် အတွင်းအချပ်ပိုနဲ့ အလွှာလွှာ
အညှော်စုပ်စက်တပ်ထားရဲ့လား ဘောင်းဘီအိပ်ထဲလက်နှိုက်ထားတဲ့ဟိုလူ ရပ်တန်းကရပ်ပါ အပြုအမူအစိမ်း


‘ဒီနေ့ ကော်လက်လုပ်မှာ’တဲ့ ထုပ်ပိုးဌာက၀န်ထမ်းတွေပြာယိပြာယာ အုံ့မှိုင်းအုပ်မိုးနေတဲ့ အလှမွေးငါးကန်
ဘ၀ပါးဟက်တွေ ပြဲဟ ကာ ဂယက်အနက်တွေ မြင်မကောင်းရှုမကောင်း အော့အန်သွန်ကျလာ


အမှိုက်သိမ်းပြီ မိုက်ဇာတ်လဲသိမ်းပြီ သိမ်းမြစ်ပေါ်ကခုန်မချခင် သိမ်းစရာရှိတာမြန်မြန်သိမ်း ထိန်းသိမ်းထား
တဲ့ လူတွေ ဘယ်မှာဆက်သိမ်းမလဲ ကျဈေးနဲ့ဝယ်သိမ်းထားတာ အခုဖောက်သည်တွေသိမ်းကျုံးဝယ်သွားပြီ

“ဗျာ..အခုလား..” “မအားဘူးဗျ..”
ဇေယျာလင်းနဲ့ ရို့စ်မရီ နဲ့ နှစ်ပါးသွား* ထိုင်ကြည့်နေတာ။ ။



ခင်အောင်အေး

၂၈၊ သြဂတ်စ်၊ ၂၀၀၉ * ဇေယျာလင်း၊ ကဗျာ ဘ၀ ရှာတော်ပုံ မှ

Tuesday, August 25, 2009

ချက်ကော့ဖ်ကို ကျီစယ် နောက်ပြောင်ခြင်း



နံရံမှာ ဂီတာတလက်ချိတ်ထားတယ်။

ရေပေါ်ကိုရေကျတဲ့အသံ တုံးလုံးပက်လက်
ရေက ရေနဲ့မပေါင်းချင်ဘူးတဲ့ (ရေကလည်း ရေဖြစ်ပြီး ရွှေပုံပေါ်မှစံချင်သတဲ့လေ)

နတ်သံနှောကာ ပြောလိုက်ချင်ရဲ့ အမ်မယ်မင်း..
ခဲလုံးကနေ တွေးခေါ်လိုက်တာ ဥဇနာမင်းကြီး ဆင်ကြောင့် ကံတော်ကုန်တဲ့အထိ

ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပုံရိပ်ရောင်နှုတ်ခမ်းသပ်ကို ခေါက်ချိုး ချိုးထားတဲ့ပုံ
စိတ်တွေလဲလေးတယ် အိပ်မက်ယာမက်တွေလဲမကောင်းဘူး အပြင်မှာလေတွေတိုက်နေတယ်

ဒေးဗစ်ဘက်ခမ်းတောင်မပြောတဲ့စကားမျိုး
ငါက ဘာရောဂါနဲ့ပြောရမလဲ

အုန်းသီးကိုအခွံချွတ်ထားတယ် အကြောသပ်ထားတယ်
ဒုံးပျံဟာ သူ့ကိုပစ်လွှတ်မယ့်စင်မှာ အဆင်သင့် ထောင်မတ်လျက်

မမသည်မျက်စေ့ကိုမှိတ်၍ သူမပင်ပန်းကြောင်းသွယ်ဝိုက်
စာကိုဓါးဖြင့်လျင်မြန်စွာ ဖောက်ဖြဲ လက်မ မကောင်းလက်မ ခြေမ မကောင်း

နံရံမှာ ဂီတာတလက်ချိတ်ထားတယ်
ဒါပဲ။ ။



ခင်အောင်အေး

၂၀၊ သြဂတ်စ်၊ ၂၀၀၉

Tuesday, August 18, 2009

ပို၍ကြီးသော ရေပွက်တစ်ခု

ပို၍ကြီးသော ရေပွက်တစ်ခု ပန်/၇၉




ပြင်းထန်လှသော ကယ်လီဖိုးနီးယားနေရောင်

ရေပွက်တစ်ခု ထစေခဲ့

တလိမ့်တုံးများကို အသုံးပြု၍

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သောအသံ

လွတ်မြောက်နေသော အချိန်

အခိုက်အတန့်

စစ်မှုထမ်းရန်ငြင်းဆို

ဆွဲဆောင်သိမ်းသွင်းမှုကြောင့် ဒြပ်မဲ့

အကြီးအကျယ် ပတ်သက်

ပန်းချီ

ရေကူးကန်၊ မြက်ခင်းပြင်နှင့် ရေမှုန်ရေမွှားများ

စိတ်ကူး

အပန်းဖြေမှုလောကကို အေးတိအေးစက် အနီးကပ်လေ့လာ

ဗိသုကာပုံကြမ်း

မြို့၏အထင်ကရ

၄၅။ ဒေးဗစ် ဟော့က်နေ မွေး- ၁၉၃၇၊ ဘရဒ်ဖို့ဒ်

ဓါတ်ပုံကိုသုံးတတ်၏

အော်ပရာပြဇာတ်များ နောက်ခံရှု့ခင်းများ။ ။



ခင်အောင်အေး

၁၈၊ သြဂတ်စ်၊ ၂၀၀၉



(ပန်မဂ္ဂဇင်းအဟောင်းတအုပ်(နေ့စွဲမမှတ်မိ) မှဆုတ်ဖြဲသိမ်းထားသော ပန်းချီဆရာ ဒေးဗစ်ဟော့က်နေ ၏ “ရေပွက်တခု” အမည်ရှိ ပန်းချီကားအကြောင်း ရေးထားသော ရှင်းလင်းချက်အား ဖြတ်တောက် ပိုင်းစိတ်၍ ကဗျာ ပြန်လုပ်ကြည့်သည်၊ပြောရလျင် ၁၉၇၉-၈၀ခန့် ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့သည့် ပန်းချီကားဖြစ်ကြောင်း ဆိုတာပဲဖြစ်သည်၊ မိမိကိုယ်ပိုင်စာသားစာပိုဒ် တလုံးတပါဒ မျှပါဝင်ခြင်းမရှိကြောင်းဝန်ခံ ကတိပြုပါ၏။)

Tuesday, July 14, 2009

အော်သံ

တစ်နေ့မှာတော့
လ , ဟာ
ကမ္ဘာကို ငုံ့တဲ့လို့ကြည့်ကာ
ရာစုနှစ်တွေ ထူပွလာတာက လွဲပြီး အလကားပဲ
တစ်ခွန်းထဲရေရွတ်ကာ
ခပ်မဆိပ်နေလိုက်တော့တယ်။
(သူဟာ လူတွေကို မြင်တွေ့သွားခဲ့တယ်)

ငါကတော့
ပါးစပ်ဝမှာ လက်နှစ်ဘက်ကာပြီး
ဟေး........... ကနဲ
အာခေါင်ခြစ်အော်လိုက်ရဲ့
စကြာဝဠာရဲ့ တံတိုင်းနံရံ တစ်ခုခု ဆီမှာ ပဲ့တင်ထပ်သွားနိုးနဲ့ပေါ့။ ။

ခင်အောင်အေး

Tuesday, July 7, 2009

၎ ရက်နေ့ / ယပ်တောင်

ဇွန်လ ၄ ရက်နေ့ ညနေစောင်း။

ချုန်းမည်းချ ငိုတော့ မလို မိုးသားတိမ်လိပ်တွေ
ပန်းဆိုးတန်းလမ်းဘက်ဆီတွားတက်လာတယ်။

မဆီမဆိုင်
“ခင်အောင်အေး...ကိုယ့်ကို...” ဆိုပြီး
ဘယ်တော့မှစကား အဆုံးသတ်လေ့မရှိတဲ့
ကိုမြေကြီးကို သတိရသွား။

ယပ်တောင်။ ။

(ကဗျာဆရာ ကိုမြေချစ်သူသို့)

ခင်အောင်အေး

Tuesday, June 2, 2009

စိတ်ကြေကွဲရမှု ရာဇဝင်အခင်းအကျင်း

နောက်ထပ်နှစ်တွေ ခပ်များများဟာ
သူ့အလိုလိုမှားနေတဲ့ နာရီဒိုင်ခွက်တွေပေါ့။

စိုက်ကြည့်နေတုန်း...
စကားလုံးတွေ အဖတ်လိုက် အဖတ်လိုက် ကွာကျ
ငိုမချမိအောင် အကြောတွေတွန့်လိပ်ရ
အဖျားကျစ လူနာလို ဘေးဘီကို မင်သက် မိရနဲ့။

အဲဒါ...
ကိုယ်လုံးပေါ်မှန်ချပ်ကြီးထဲမှာ
ငါ့ရဲ့ပုထုဇဉ် အဖြစ်ကို
မလိုတမာ တွေ့လိုက်ရတာပါ။

မြစ်ရဲ့ ကမ်းနဖူးမှာ
ကြယ်တာရာ တချို့ကောက်ယူ စုဆောင်းမိတာပါ။ ။

ခင်အောင်အေး
၁၉၉၀
(လူနှစ်ယောက်နဲ့ကဗျာ စာအုပ်မှ)

Tuesday, May 26, 2009

နာနာဘာဝစာအုပ်

ကလေးသင် ပထဝီဝင်စာအုပ်မှာ ငါဖတ်ခဲ့တယ်
လူ့သမိုင်းတစ်နံတစ်လျားမှာ ငါဖတ်ခဲ့တယ်
မိုးမှုန်မှုန်နဲ့ သရက်ပင်အုပ်အုပ်မှာ ငါဖတ်ခဲ့တယ်
ပင်လယ်တစ်ကြော စုန်ဆန်မျောနေတဲ့ နှစ်ကာလတွေမှာ ငါဖတ်ခဲ့တယ်
မထွေးနိုင် မမျိုနိုင် အဖြစ်အပျက်တွေမှာ ငါဖတ်ခဲ့တယ်
စုံးစုံးနစ်တော့မယ့် ၂မိနစ်အလိုမှာ ငါဖတ်ခဲ့တယ်
နတ်သမီးပုံပြင်နဲ့ ဂြိုလ်တုသတင်းတွေမှာ ငါဖတ်ခဲ့တယ်
အကြောင်ရိုက်တတ်တဲ့ ကံကြမ္မာရဲ့ ထွေပြားမှုတွေမှာ ငါဖတ်ခဲ့တယ်
အပုပ်ခံဆေးနဲ့ စီရင်ထားတဲ့ ဘဝကွေ့ချိုးတွေမှာ ငါဖတ်ခဲ့တယ်
ခရမ်းရင့်ရောင် ကတ္တီပါကားလိပ်နဲ့ တိုင်ဖုံးနောက်ကွယ်မှာ ငါဖတ်ခဲ့တယ်။

ငါဖတ်ခဲ့ပါတယ်...
ငါဖတ်ခဲ့တာတွေကတော့ အများကြီးမှ အများကြီး။

ခွင့်လွှတ်ပါ၊
အခု ပြန်ပြောပြဖို့ ကြိုးစားတော့
မကျွတ်မလွတ်သေးတဲ့ နာနာဘာဝပြိတ္တာတစ်ကောင်လို
လူတွေကြားအောင် သိအောင် ငါ့မှာ လုပ်ဆောင်နိုင်စွမ်းမရှိဖြစ်ရတယ်။ ။

ခင်အောင်အေး

(ရုပ်ရှင်အမြုတေမဂ္ဂဇင်း၂၀၀၃၊သြဂုတ်လ)

Tuesday, May 19, 2009

ရနံ့

တနေ့တနေ့
ကျနော်တို့ မမေ့မလျှော့ ပြောဆို မိကြတာက
ဘဝကို ဆေးလုံးတွေလို မြိုမချမိဖို့ရယ်
အချိန်ကိုပေကြိုးနဲ့မတိုင်းမိဖို့ရယ်ပါပဲ။

ကဲ...လာ
ဟောဒီမှာကြည့်ကြ
ခပ်တိုးတိုးလည်း အာမေဋိတ်ပြုကြ
သူများထက် နောက်မကျခင် အဦးအဖျား
ကတ္တီပါအနားကွပ် ဘုရင့်ဝတ်ရုံတော်
မှော်အတတ်နဲ့ အသက်သွင်းလိုက်ပြီ။

လျှောက်တော့ မေးရမှာပဲ
ပြိုင်ပွဲဆိုတာ အရှုံးတမျိုးထဲလားလို့
သစ်ရွက်ကြွေသလို စကားတွေ တဖွဲဖွဲ
တစ်ယောက်ပြီး တစ်ယောက်လဲကျ ကျန်ရစ်ခဲ့ကြ။

အပေါ်ကငုံ့ကြည့်သလိုမျိုးတော့
အကြည့်ရမဆိုးလှပါဘူး
နူးနူးညံ့ညံ့အိပ်မက်မျိုးတွေလဲ
တခါတလေတော့မက်ကြည့်ရဦးမယ်။

ပွဲမပြီးခင်...
ခရီးရဲ့အတိုအရှည်
“မိတ်ဆွေ”
လေထဲမှာ ဘာနံ့ ရလိုက်သလဲ။ ။

ခင်အောင်အေး
(ကဗျာများ ၁၉၉၀မှ)

Tuesday, May 12, 2009

ညစ်ထေးခြင်း သတ္တမနေ့

ဒါဟာ ရူးနှမ်းမှုတစ်ခုလား
အဖျားတက်နေတဲ့ တေးသွားတစ်ပိုဒ်လား ။

မနေ့တုန်းကတော့
အရာရာဟာ သေသေသပ်သပ်ပြီးဆုံးတော့လုမတတ်
ပြဇာတ် တစ်ပုဒ်ကို
မကြေညက်မချင်း အထပ်ထပ်ကနေရသလို
ငြီးငွေ့စရာကောင်းလှချည့် ။

နင်နေတဲ့ လည်ချောင်းထဲကအရာ
အော့အန်ချင် စိတ်နဲ့ ပျို့တက်လာတဲ့အခါ
ငါတတ်နိုင်တာက
ဘာမှ မဖြစ်သလို ဟန်လုပ်နေလိုက်ဖို့ပဲ ။

ကြည့်ကြစမ်းပါဦးဗျာတို့
ဘဝတစ်လျှောက်လုံးသယ်ပိုးခဲ့ရတာတွေများ
ဖုံတက်နေတဲ့ လှေကားတစ်စင်းရယ်
စာအုပ်ထူထူ တစ်အုပ်ရယ်
ပိုးဟပ် အသေ တစ်ကောင်ရယ် ။

ကျုပ်က
နောင်တတွေနဲ့ ပွတ်သီးပွတ်သပ်နေချင်သူပေါ့
အိမ်မွေးကြောင်ကလေးတွေကို ချော့မြူကြသလိုမျိုးလေ..။ ။

ခင်အောင်အေး
(ကဗျာများ ၁၉၉၀ မှ)

Tuesday, May 5, 2009

ဆင်ခြေဖုံးအစ (၁ရ.၁၁.၉၀)

တနေ့ထက်တနေ့ ထူလာတဲ့နှင်းတွေ
တမာ မန်ကျည်းနဲ့ မယ်ဇလီပင်တွေပေါ်မှာ ဖွဲဖွဲလွင့်လွင့်
ရပ်နေသင့်သလား
ဆက်လျှောက်သင့်သေးသလား
အသံဟာ အဖျားဆတ် တုံခါသွားတယ်။

တကိုယ်တော်စွန့်စားခန်းဆန်ဆန်
အဝေးပြေးလမ်းမပေါ်က ခန္ဓာဝန်တစ်ခုလေးလံနေပုံဟာ
အားရပါးရ ရယ်ချလိုက်ဖို့ ခက်လှပေရဲ့။

ဘဝတွေ တပြုံတမကြီး
အနားက ဝှီးကနဲ ဖြတ်ကျော်သွားတော့မှ
အသက်ဝဝရှုဖို့ကို သတိရကာ
ခေါင်းကိုမော့
ရင်ပတ်ကြီးကိုလဲ ကော့ပစ်လိုက်တယ်။

အဲဒီနေ့က
နေလုံးကြီး မြောက်တက်မလာခင်
ကမန်းကတန်း အိမ်ထဲပြန်ဝင်ခဲ့မိ။ ။

ခင်အောင်အေး

Tuesday, April 7, 2009

ပျော့ကွက်

ဒီကဗျာကတော့ စာပေစီစစ်ရေးက နှစ်ကြိမ် အပယ်ခံခဲ့ရလို့ မဂ္ဂဇင်းမှာ မဖော်ပြနိုင်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ အခုတော့ ကျွန်တော့်ညီဖြစ်သူရဲ့ ဘလော့ဂ်မှာပဲ ဖော်ပြလိုက်ပါတယ်...။

ပျော့ကွက်

မင်းတို့မေးရိုးတွေ အားလုံး ပြုတ်ထွက်သွားအောင်
ငါဆော်ထည့်နိုင်တယ်
ဒါနဲ့ပဲ
ဟောဟိုက ချောင်ကောင်းကောင်းမှာ
ကြမ်းပိုးရှာသလိုလို
သန်းရှာသလိုလို
ဖိုမကိစ္စနဲ့ပြီးရတာပဲ။

တစ်ညနောက်ကျပြီးမှ ညားခွင့်ရတဲ့ ကဗျာတစ်ပုဒ်ရယ်
လေးငါးနှစ်တာကာလဆီက စုပ်မြိုခဲ့သမျှရယ်
အခုမှ
အားလုံးဟာရှိလာခဲ့ပြီ
သီချင်းဆိုရဲတဲ့ပန်းပွင့်များ
အနားမယူတဲ့ သန်းခေါင်ယံခေါင်းလောင်းများ
အိပ်မက် မက်ရမှာ ကြောက်တဲ့ကျွဲရိုင်းများ။

တလွင့်လွင့် ခန်းဆီးစရဲ့ အပေါ်မှာတော့
ရာဇဝင်ဟာ ပိုးသားဇာ ယက်ဖောက်လို့
ငါတို့ရောက်ရှိရာ မှတ်တိုင်များနဲ့
ငါတို့ဆုပ်ကိုင်မိကြရာ ပြာမှုန်များရဲ့ရေးချယ်မှုမျှပဲ။

ခုလိုတော့လဲ
ငနဲက
ကိုယ်လိမ်းပေါင်ဒါ လူးရ
ဆပ်ပြာမွှေး သုံးရနဲ့။

ရှေ့တူရှုမှာ
တဝက်တပျက်သာ ပွင့်နေတဲ့ တံခါးချပ်တွေ အဆင့်ဆင့်
သခင့်အလိုကို အတိအကျ သိတတ်တဲ့ ခွေးတစ်ကောင်နဲ့
သံသရာဆုံးအောင် မှောင်နေတော့မလောက် အမိုက်တိုက်
အရက်ဖြူနည်းနည်းမြိုလိုက်ရတယ်။

နောက်ထပ်....
ပြီးတော့ နောက်ထပ်များ
ငါ့အကင်းပါးမှုက ငါ့ကိုပြန်ရောင်းစားခဲ့ရာ
ရွှေပိန်းချခြေရာတွေနဲ့
ပေါက်လွှတ်ပဲစား ဖန်ဆင်းလိုက်တဲ့ အနာဂါတ်တွေပဲအစားပြန်ရခဲ့ပေါ့။

ဟော.....
အခုမှ အိပ်ယာကနိုးလာသလိုမျိုး
မှိုချိုးမျှစ်ချိုးပြောတော့မယ့် ပါးစပ်ရယ်
သင့်ကို မြေကြီးထဲဆွဲနှစ်တော့မတတ်အကြည့်ရယ်
နောက်ပြီး
မီးစတဖက် ရေမှုတ်တဖက် လက်တစုံရယ်နဲ့ပါလား။

ငါတို့နှစ်ယောက်ကြားမှာ
ဘယ်တုန်းကမှ မလွဲမှားခဲ့ဖူးတဲ့ငွေတစ်ကျပ်
ခု.... မင်းလူသတ်ချင်နေပြီပေါ့လေ။

မနေ့တုန်းက ဘာနေ့ပါလိမ့်
အိမ့်ဆည်းလည်းသံ တချွင်ချွင်တတင်တင်
အပြင်ဘက်မှာမုသားနွံထဲကျွံနစ်ဆဲ
အဆိပ်ရည်ဖြစ်ဖြစ်
ဒေးလီးဗိုက်တာဖြစ်ဖြစ်
အိတ်ဇစ်စတင်ရှယ်လစ်ဇင်းပဲ ဖြစ်ဖြစ်ပေါ့။

အဲဒီလောက်ကြီး ကီးကိုက်နေမှတော့
ဘာသားနဲ့ထုထားတာမို့တောင့်ခံနိုင်မလဲ
သဲထဲရေသွန်မဖြစ်ခင် လက်ဖျစ်တတွက်
လူမှုရေးတွေ ကွပ်မျက်လိုက်ရတယ်.။

ဗြုန်းကနဲ
ရင်ကွဲနာကျသေချင်စရာကောင်းသွားတဲ့ညနေထဲမှာ
ဆည်းဆာကိုအငမ်းမရနမ်းစုပ်ရင်း
ဟောဒီနာကျင်မှုသီချင်းကို
ညည်းဆိုခဲ့မိတာပဲပေါ့..။ ။

ခင်အောင်အေး
၁၉၉၀

Tuesday, March 10, 2009

ကျီးကန်း

ကဗျာမရေးတာ ကြာပြီ ဖြစ်တဲ့ ကျွန်တော့ ရဲ့ အကိုကြီးအရင်းကို ကျွန်တော် ကဗျာတွေ ပြန်ရေးဖို့ တိုက်တွန်းလွန်းအားကြီးတာကြောင့် သူ့ရဲ့ ကဗျာလေးတွေ ထဲက တစ်ပုဒ်ကို ကျွန်တော့် ထံ ဒီကနေ့ ပို့ပေးလိုက်တာကြောင့် အားလုံး မျှဝေခံစားနိုင်ဖို့ တင်ပေးလိုက်ပါတယ်..။

ကျီးကန်း

ငါ့ကျီးကန်းက တက်ဒ်ဟယူးစ်ရဲ့ ကျီးကန်းလို မဟုတ်ဘူး၊
ပြူးကျယ်ကျယ်မျက်လုံးတွေက အမြင်ကျယ်ဖို့ မဟုတ်ဘဲ
ပိုင်ရှင် မကြည်ဖြူတဲ့ အရာတွေကို အလစ်ထိုးသုတ်ဖို့သာ အသုံးဝင်သတဲ့။

ကြည့်လေ...
ခုန်ဆွ ခုန်ဆွ၊ မထီတထီ
ခေါင်းကို ဘယ်စောင်းလိုက် ညာငဲ့လိုက် ခုန်ဆွ ခုန်ဆွ

တိုက်ခေါင်မိုးတစ်ခုကနေတစ်ခု
နောက်ဖေးလမ်းကြားရေဆင်းပိုက်တစ်ခုကနေတစ်ခု
မိလ္လာအုတ်ခုံ တစ်ခုကနေတစ်ခု

ခုန်ဆွ၊ ခုန်ဆွ၊ ခုန်ဆွ

လက်ဆေးကြွေခွက်မှာ လက်ဆေးတယ်၊ ပလုတ်ကျင်းတယ်
ပြူတင်းပေါက်သံပန်းကတစ်ဆင့် အပြင်ကိုလှမ်းအကြည့်မှာ
မျက်နှာကို အပက် ခံလိုက်ရတဲ့ အာရုံ အညစ်အကြေး တစ်ခု။ ။

ခင်အောင်အေး
၁၇/၀၇/၂၀၀၀