This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Blogger news

Tuesday, May 26, 2009

နာနာဘာဝစာအုပ်

ကလေးသင် ပထဝီဝင်စာအုပ်မှာ ငါဖတ်ခဲ့တယ်
လူ့သမိုင်းတစ်နံတစ်လျားမှာ ငါဖတ်ခဲ့တယ်
မိုးမှုန်မှုန်နဲ့ သရက်ပင်အုပ်အုပ်မှာ ငါဖတ်ခဲ့တယ်
ပင်လယ်တစ်ကြော စုန်ဆန်မျောနေတဲ့ နှစ်ကာလတွေမှာ ငါဖတ်ခဲ့တယ်
မထွေးနိုင် မမျိုနိုင် အဖြစ်အပျက်တွေမှာ ငါဖတ်ခဲ့တယ်
စုံးစုံးနစ်တော့မယ့် ၂မိနစ်အလိုမှာ ငါဖတ်ခဲ့တယ်
နတ်သမီးပုံပြင်နဲ့ ဂြိုလ်တုသတင်းတွေမှာ ငါဖတ်ခဲ့တယ်
အကြောင်ရိုက်တတ်တဲ့ ကံကြမ္မာရဲ့ ထွေပြားမှုတွေမှာ ငါဖတ်ခဲ့တယ်
အပုပ်ခံဆေးနဲ့ စီရင်ထားတဲ့ ဘဝကွေ့ချိုးတွေမှာ ငါဖတ်ခဲ့တယ်
ခရမ်းရင့်ရောင် ကတ္တီပါကားလိပ်နဲ့ တိုင်ဖုံးနောက်ကွယ်မှာ ငါဖတ်ခဲ့တယ်။

ငါဖတ်ခဲ့ပါတယ်...
ငါဖတ်ခဲ့တာတွေကတော့ အများကြီးမှ အများကြီး။

ခွင့်လွှတ်ပါ၊
အခု ပြန်ပြောပြဖို့ ကြိုးစားတော့
မကျွတ်မလွတ်သေးတဲ့ နာနာဘာဝပြိတ္တာတစ်ကောင်လို
လူတွေကြားအောင် သိအောင် ငါ့မှာ လုပ်ဆောင်နိုင်စွမ်းမရှိဖြစ်ရတယ်။ ။

ခင်အောင်အေး

(ရုပ်ရှင်အမြုတေမဂ္ဂဇင်း၂၀၀၃၊သြဂုတ်လ)

Tuesday, May 19, 2009

ရနံ့

တနေ့တနေ့
ကျနော်တို့ မမေ့မလျှော့ ပြောဆို မိကြတာက
ဘဝကို ဆေးလုံးတွေလို မြိုမချမိဖို့ရယ်
အချိန်ကိုပေကြိုးနဲ့မတိုင်းမိဖို့ရယ်ပါပဲ။

ကဲ...လာ
ဟောဒီမှာကြည့်ကြ
ခပ်တိုးတိုးလည်း အာမေဋိတ်ပြုကြ
သူများထက် နောက်မကျခင် အဦးအဖျား
ကတ္တီပါအနားကွပ် ဘုရင့်ဝတ်ရုံတော်
မှော်အတတ်နဲ့ အသက်သွင်းလိုက်ပြီ။

လျှောက်တော့ မေးရမှာပဲ
ပြိုင်ပွဲဆိုတာ အရှုံးတမျိုးထဲလားလို့
သစ်ရွက်ကြွေသလို စကားတွေ တဖွဲဖွဲ
တစ်ယောက်ပြီး တစ်ယောက်လဲကျ ကျန်ရစ်ခဲ့ကြ။

အပေါ်ကငုံ့ကြည့်သလိုမျိုးတော့
အကြည့်ရမဆိုးလှပါဘူး
နူးနူးညံ့ညံ့အိပ်မက်မျိုးတွေလဲ
တခါတလေတော့မက်ကြည့်ရဦးမယ်။

ပွဲမပြီးခင်...
ခရီးရဲ့အတိုအရှည်
“မိတ်ဆွေ”
လေထဲမှာ ဘာနံ့ ရလိုက်သလဲ။ ။

ခင်အောင်အေး
(ကဗျာများ ၁၉၉၀မှ)

Tuesday, May 12, 2009

ညစ်ထေးခြင်း သတ္တမနေ့

ဒါဟာ ရူးနှမ်းမှုတစ်ခုလား
အဖျားတက်နေတဲ့ တေးသွားတစ်ပိုဒ်လား ။

မနေ့တုန်းကတော့
အရာရာဟာ သေသေသပ်သပ်ပြီးဆုံးတော့လုမတတ်
ပြဇာတ် တစ်ပုဒ်ကို
မကြေညက်မချင်း အထပ်ထပ်ကနေရသလို
ငြီးငွေ့စရာကောင်းလှချည့် ။

နင်နေတဲ့ လည်ချောင်းထဲကအရာ
အော့အန်ချင် စိတ်နဲ့ ပျို့တက်လာတဲ့အခါ
ငါတတ်နိုင်တာက
ဘာမှ မဖြစ်သလို ဟန်လုပ်နေလိုက်ဖို့ပဲ ။

ကြည့်ကြစမ်းပါဦးဗျာတို့
ဘဝတစ်လျှောက်လုံးသယ်ပိုးခဲ့ရတာတွေများ
ဖုံတက်နေတဲ့ လှေကားတစ်စင်းရယ်
စာအုပ်ထူထူ တစ်အုပ်ရယ်
ပိုးဟပ် အသေ တစ်ကောင်ရယ် ။

ကျုပ်က
နောင်တတွေနဲ့ ပွတ်သီးပွတ်သပ်နေချင်သူပေါ့
အိမ်မွေးကြောင်ကလေးတွေကို ချော့မြူကြသလိုမျိုးလေ..။ ။

ခင်အောင်အေး
(ကဗျာများ ၁၉၉၀ မှ)

Tuesday, May 5, 2009

ဆင်ခြေဖုံးအစ (၁ရ.၁၁.၉၀)

တနေ့ထက်တနေ့ ထူလာတဲ့နှင်းတွေ
တမာ မန်ကျည်းနဲ့ မယ်ဇလီပင်တွေပေါ်မှာ ဖွဲဖွဲလွင့်လွင့်
ရပ်နေသင့်သလား
ဆက်လျှောက်သင့်သေးသလား
အသံဟာ အဖျားဆတ် တုံခါသွားတယ်။

တကိုယ်တော်စွန့်စားခန်းဆန်ဆန်
အဝေးပြေးလမ်းမပေါ်က ခန္ဓာဝန်တစ်ခုလေးလံနေပုံဟာ
အားရပါးရ ရယ်ချလိုက်ဖို့ ခက်လှပေရဲ့။

ဘဝတွေ တပြုံတမကြီး
အနားက ဝှီးကနဲ ဖြတ်ကျော်သွားတော့မှ
အသက်ဝဝရှုဖို့ကို သတိရကာ
ခေါင်းကိုမော့
ရင်ပတ်ကြီးကိုလဲ ကော့ပစ်လိုက်တယ်။

အဲဒီနေ့က
နေလုံးကြီး မြောက်တက်မလာခင်
ကမန်းကတန်း အိမ်ထဲပြန်ဝင်ခဲ့မိ။ ။

ခင်အောင်အေး