Blogger news

Thursday, January 22, 2009

အဖေပေးမယ် ဆိုတဲ့ အမွေ


ကျွန်တော်ငယ်စဉ် က ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးလို့ ပြောလို့ ရလောက် အောင် ပြန်မပြော နားမထောင် မဟုတ်တာ လဲ လုပ်တာ မဟုတ် ဟုတ်တာလဲ မလုပ် ဘာကြီးမှန်းလဲ မသိ ဆိုးသည်လဲ မဟုတ် ကောင်းသည် လဲ မဟုတ် အလည် အလတ် တန်းစားထဲ ပါမည် ထင်သည်..။

အဖေနဲ့ နေစဉ် အပေါ်ထပ် မှာ ကျွန်တော် တစ်ယောက်ထဲ နေရသည် အဖေ နှင့် ကြီးဒေါ်ကြီးက အောက်ထပ်မှာ နေသည်.. အပေါ်ထပ် ဆိုပေမယ့် အပြည့် မဟုတ်ပါ အိမ်၏ ထက်ဝက်ခန့်သာ ရှိပြီး ဟင်းလင်း ပြင် ဖြစ်ပါသည် ဒီတော့ အောက်ထပ် ဧည့်ခန်း မှ အပေါ်ကို မော့ကြည့်လျှင် အပေါ်ထပ် ၏ ထက်ဝက် ခန့်ကို မြင်တွေ့ ရနိုင်ပါသည်..။

ကျွန်တော် ၏ စာကြည့်စားပွဲ က လဲ အောက်မှ လှမ်းကြည့်လျှင် မြင်ရပါသည် ဒီတော့ ကျွန်တော် စာကျက်လိုစိတ် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ အဖေ အချိန်ဇယား ဆွဲ ပေးထားသည့် အတိုင်း မနက် ငါးနာရီမှာ ကျောင်းသွားဖို့ ပြင်ဆင် ခါနီး ၈ နာရီ အချိန်ထိ ညနေ ခြောက်နာရီမှ ၇ နာရီ ပြီးလျှင် ၈ နာရီမှ တီဗွီ သတင်းပြီးသည် အထိ( ဘာလို့ အချိန်တွေကွဲ သွား သလဲ ဆိုတော့ အဲဒီအချိန်က ရ နာရီထိုးရင် တီဗွီ အစီအစဉ် စတယ်လေ ဘယ်လို မှ စာကျက်ခိုင်းလို့ မရမယ် မှန်း သိလို့ အဲလို ဆွဲပေးတာ mrgreen) တီဗွီ အစီအစဉ်ပြီးရင် နောက် တစ်နာရီလောက် ထပ်ထိုင်ပြီးရင် အိပ်ပေါ့..။

ဒါပေမယ့် သိတယ် မဟုတ်လား အောက်ကမြင်ရတယ် ဆိုတာ စာကြည့်စားပွဲ မှာ ကျွန်တော် ထိုင်နေတာပဲ မြင်ရတာ ဘာတွေလုပ်နေလဲ ဆိုတာ အတိအကျ မြင်ရတာ မဟုတ်ဘူးလေ ကျွန်တော်ကလဲ စာကြည့်မီးအုပ်ဆောင်းလေး ဖွင့်ပြီး ဝတ္တုဖတ်ချင် ဖတ်နေတာ ဟီး ဟီး..

အဲလိုနဲ့ နေလာတာ အဖေကသိတယ် ဒါနဲ့ တစ်နေ့တော့ ကျွန်တော့် ကို ငါ့သား ကို အဖေ ပြောစရာ ရှိတယ် လာထိုင် ဆိုပြီး ခေါ်ပါလေရော ကျွန်တော်လဲ ခပ်လန့်လန့်ပဲ ဘာများပြောမလို့လဲ မသိဘူးပေါ့လေ..။

ခဏနေတော့ အဖေက ကျွန်တော့်ကိုစပြီး စကားပြောပါတယ်.

"ငါ့သား အခုဆို အထက်တန်းကျောင်းသားကြီးလဲ ဖြစ်နေပြီ ကလေးလဲ မဟုတ်တော့ ရိုက်နှက် ဆုံးမရမယ့် အရွယ်လဲ မဟုတ်တော့ဘူး အခု ဒီအချိန် ဟာလဲ သားဘဝ ရဲ့ အဆုံးအဖြတ် အချိန် ဖြစ်နေပြီ ဆိုတော့ သား ရှေ့မှာ ဘာဖြစ်နိုင်တယ် ဆိုတာ အဖေ ဘာလုပ်ပေးနိုင်တယ် ဆိုတာ အဖေ ပြောပြမယ်.."

"ဟုတ်ကဲ့"

"သားစာမေးပွဲ အောင်ခဲ့မယ် ဆိုရင် တက္ကသိုလ် သွားချင်လား မင်းအရမ်း ဖြစ်ချင်တယ် ဆိုတဲ့ ဗိုလ်သင်တန်း တက်မလား အဲဒါတွေ အတွက် ဘာမှ ပူစရာမလိုဘူး တက္ကသိုလ် တက်ချင်ရင် ဆိုလဲ အဖေ သားကို ဆက်ထားနိုင်တယ် စစ်တက္ကသိုလ် တက်ချင်တယ် ဆိုလဲ ဗိုလ်လောင်းရွေးချယ် ပွဲမှာ ငါ့သား မပါလာခဲ့ရင် အဖေ့ကို ကြိုက်သလို သာပြော"
(ထိုအချိန်က အရေးအခင်း မဖြစ်သေးပါ ကျွန်တော့် ၏ ဘဝရည်မှန်းချက်မှာ စစ်ဗိုလ် ဖြစ်ရန် တစ်ခုထဲ ဖြစ်ခဲ့ဖူးပါသည် အဖေ့တပည့်ဟောင်း တွေကလဲ ဗိုလ်ရွေး တွင် အကောင်ကြီးများ ဖြစ်နေကြသဖြင့် အဖေ အာမခံ ရဲခြင်းဖြစ်ပါသည်..နောက်အရေးအခင်းဖြစ်ပြီးသော အခါ ရည်မှန်းချက်ပျောက်ပြီး သင်္ဘောသား သာလုပ်ခဲ့ရပါသည်..။)

"အဲ ငါ့သား စာမေးပွဲ မအောင်ခဲ့ဘူး ဆိုရင်တော့ ကွာ အဖေက သူများ တွေလို စီးပွားရေးလုပ်ငန်းကြီးလဲ ထူထောင်မပေးနိုင်ဘူး တက္ကစီလောက် ဆွဲစား ရအောင်လဲ ကားမဝယ်ပေးနိုင်ဘူး ဒီတော့ အဖေ သား အတွက် လုပ်ပေးနိုင်တာ ကတော့ ဆိုက်ကား လောက်တော့ အဖေ ဝယ်ထောင်ပေးနိုင်တယ် ကိုယ်ပိုင် ဆိုက်ကား နင်းစားတော့လဲ သပိတ်ဝင် အိပ်ဝင်ဆို မဆိုးလောက်ပါဘူး ဒီတော့ ငါ့သား စဉ်းစားပြီး ကိုယ့်ဘဝ အတွက် လမ်းကြောင်း ရွေးပေါ့ ကွာ " ဆိုပြီး ထသွားပါလေရော...။

အဲဒီအချိန် ကစလို့ ကျွန်တော်လေ လမ်းသွားလို့ ဆိုက်ကား တွေတွေ့တိုင်း စာမကျက်ချင် ဘူး ဆိုတဲ့ စိတ်တွေ ဖြစ်လာတိုင်း မျက်စိထဲ မှာ အဖေပေးမယ် ဆိုတဲ့ အမွေ ဆိုက်ကားကြီး နဲ့ ဆိုက်ကားနင်းနေတဲ့ ပုံကြီးပဲ မြင်ယောင် မိပြီး အင်း ငါစာမေးပွဲ မအောင်ခဲ့ ရင် ဒီလိုမျိုး ဆိုက်ကား နင်းရတော့မယ် ဆိုတဲ့ ကြောက်ရွံ့ မှုတွေက ကျွန်တော့် ဘဝကို တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်..။

14 comments:

  1. ကောင်းလိုက်တဲ့စကားအမွေဗျာ....
    အစ်ကို့အဖေကိုလေးစားတယ်အစ်ကိုရေ .....

    ReplyDelete
  2. ပြောရမယ် ဆိုရင်တော့အရှည်ကြိးဘဲ အရင်နားထောင်သွားတယ်။ ကောင်းပါသည်။

    ReplyDelete
  3. တော်သေးတာပေါ့ အစ်ကိုရာ...သို့မို့ဆို ဒီအချိန် အစ်ကို ဆိုက်ဂျဲရိုး ကြီးနဲ့ ဖြစ်နေပြီ :P

    အစ်ကို့အဖေရဲ့ ခပ်ထေ့ထေ့ပြောသွားတဲ့ ရိလုံးတစ်ခုဟာ အစ်ကို့ ဘ၀အတွက် တကယ့်ကို အပြောင်းအလဲ တစ်ခုဖြစ်စေခဲ့တာပဲ...။

    ReplyDelete
  4. အင်း.. ဆင်ခြင်တတ်အောင် သင်ပေးခဲ့တာ ကျေးဇူးတင်ဖို့သိပ်ကောင်းတယ်။

    ReplyDelete
  5. အော... ဒင်းက ဂလိုကိုး... ခုမှ သိတော့တယ်...း)း)
    ATN

    ReplyDelete
  6. ဆိုက်ကားနဲ့ခြောက်တာပေါ့လေ
    ခြောက်တိုင်းလဲမကြောက်ရင်ပြီးရော
    အခုတော့ ဆရာအခေါ်မခံရတော့ဘူး
    မဟုတ်ရင် ဒီကဆိုက်ကားဆရာကြီးဆိုပြီး ဟီးးးးး

    ReplyDelete
  7. ဟိ ကျွန်မကိုတော့ ဘယ်သူမှ အချိန်စာရင်းလုပ်မပေးဘူး ဒါပေမယ့် စာကျက်လွန်းတော့ အိပ်တော့လို့အတင်းပြောလို့ အိပ်လိုက်ရတယ်။ မရဘူး မနက်ဆိုလဲ အစောကြီးထထကျက်တာ စာအုပ်တစ်အုပ်လုံးနည်းပါး ရတယ်။ တကယ်တမ်းလဲ နားမလည်ပဲ ကျက်လိုက်တာများလို့ အခုတော့ စာမလုပ်ချင်တော့ဘူး။ :P
    အင်းဗိုလ်သင်တန်း မတက်ဖြစ်လို့နော်.. မဟုတ်ရင်းကို လင်းလဲ စစ်ဝတ်စုံကြီး တကားကားနဲ့ ဘာတွေလိုက်မွေနောက်နေမလဲ မပြောတတ်ဘူး :P

    ReplyDelete
  8. တော်သေးတာပေါ့..ဦးရီးတော်.။နောက်မို့ဆိုရင် ဘလော့ မဂင်းရဘဲသုံးဘီးနင်းနေရမယ်...။ :)))

    ReplyDelete
  9. ဘ၀ နာနာလေးက
    စိတ်ကို တိုးတက်အောင် တွန်းအားဖြစ်စေတယ်လို့ မြင်မိပါတယ်။
    လေးစားလျက်

    ReplyDelete
  10. ဘ၀ထဲက အမှတ်တရလေးတွေ ဂုဏ်ယူစွာ မှတ်တမ်းတင် သွားကြောင်းပါနော်

    ReplyDelete
  11. တော်လိုက်တဲ့ အဖေ..နော်...
    ပြန်မပြောနားမထောင် သားကို...တစ်ခွန်းထဲပြောသွားတာ..
    ရှင်းရော.. :P

    ReplyDelete
  12. စကားလေးက အဖိုးတန်တယ်။ ...
    တော်တယ်နော်... အစ်ကို့အဖေက..... :)

    ReplyDelete
  13. လင်းထက်ရေ အရေးအသားက ကောင်းမှ ကောင်းဟေ့ အားပေးလျက်ပါ။

    ReplyDelete
  14. ဟားဟား တော်လိုက်တဲ့ အဖေ.. အဲလိုဖြစ်ရမှာ .. မှတ်ထားဦးမယ်.. အဲလိုပြောရမယ် ဟုတ်တယ်။ ခက်တာက ဆိုက်ကားလည်း မရှိ ဒီမှာ၊ ဘတ်စကားမောင်းခိုင်းမယ် ဟီးဟီး

    ReplyDelete