Blogger news

Monday, February 16, 2009

မရဏ ကစားပွဲ (၂)ဇာတ်သိမ်း

အခန်း(၃)
သားကောင်များ

ကစားပွဲ စသည်နှင့် ရောက်ရှိသွားသည်ကတော့ အုတ်ဂူများ အလည်ပဲ ဖြစ်သည်...

သူတို့က အုပ်စုတောင့် သလို လက်နက်များကလဲ စုံလင် သဖြင့် ထွက်လာ သမျှ အားလုံး ကို အလွယ် တကူ နှိမ်နင်း နိုင် သဖြင့် ပျော်စရာ တောင်ဖြစ်နေသည်...

ပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့်လိုက်တော့ သင်းချိုင်းဆိုသော်လည်း အများဆိုင် ဟုတ်ပုံ မရ အရှေ့ဘက်တွင် ကြီးမားလှသည့် အိမ်ကြီးတစ်လုံး အနောက်ဘက်တွင် လူသေအလောင်း ထားရန် မီးသဂြိုလ် စက်ကဲ့သို့ အဆောက်အဦး တစ်ခု ဖြစ်နိုင်သည်မှာ ကြီးမားသော မိသားစု ဝင်များ နေထိုင်သော အိမ်နှင့် မိသားစုဝင်များကို မြုတ်နှံ သဂြိုလ် သည့်မိသားစု သင်းချိုင်း ဖြစ်ပုံရပေသည်..

ဒါနှင့် သုံးယောက်စီ နှစ်အုပ်စု ခွဲ၍ တစ်အုပ်စုက အိမ်ကြီးဆီသို့ နောက်တစ်အုပ်စုက အနောက်ဖက်ရှိ အိမ်ငယ် ဆီသို့ သွားရန် လူစုခွဲလိုက် ကြသည်..


အိမ်ကြီးသို့ သွားရန် အုပ်စုတွင် အေးမောင်၊ဘကျော် နှင့် သောင်းအေး တို့ ဖြစ်ပြီး နောက်တစ်အုပ်စုမှာ ဆန်းကျော်၊ဟန်သန်းနှင့်မောင်မြင့် တို့ဖြစ်ကြသည်...


ပထမ အုပ်စုကော ဒုတိယ အုပ်စုပါ ဘာမှ ထွေထွေ ထူးထူး မတွေ့ကြပဲ ပစ်ရင်း ခတ်ရင်း ညဥ့်နက် လာခဲ့ပြီ..ထိုအချိန် တွင် မောင်မြင့် တစ်ယောက် အပေါ့ သွားချင် လာသဖြင့် ဂိမ်း ကို ခေတ္တရပ် နားသောခလုတ် ကိုနှိပ်၍ အိမ်သာ သို့ထွက်ခွာ လာလိုက်သည်..


ဆန်းကျော် နှင့် ဟန်သန်း တို့ နှစ်ယောက်လဲ ဂိမ်းထဲ တွင် ရပ်တန့်နေသော မောင်မြင့် ကို ထားပြီး တစ်ခန်းဝင် တစ်ခန်း ထွက် လိုက်လံကြည့်ရှု နေရာ မှ နောက်ဆုံး တွင် မောင်မြင့် ရပ်တန့်နေသော နေရာ သို့ ပြန်ရောက်လာ ကြရာ မောင်မြင့် အနားတွင် နာနာ ဘာဝများ ဝိုင်းဝန်း နေကြသည် ကို တွေ့ရသဖြင့် နှစ်ယောက်သား အပြေးအလွား တိုက်ခိုက် လိုက်ကြသော်လည်း နာနာဘာဝ တစ်ကောင်မှာ လွတ်ထွက်သွားပြီး မောင်မြင့်အား သစ်သားချွန် ကြီးဖြင့် ထိုးစိုက် လိုက်သည် ကို တွေ့လိုက်ရသည်..


ထိုအချိန် တွင် အိမ်သာ ထဲမှ မောင်မြင့် မှာ အပေါ့ သွားနေစဉ် သူ၏ ခေါင်းထက် အမိုးမျက်နှာကျက် နားတွင် လှည့်ပတ် နေသော အရိပ်မည်းများကို မမြင်မိ သော်လည်း ကြက်သီးများ ထ၍ လူမှာ တုန်တက် သွားမိသည် သို့သော် ရံဖန်ရံခါ အပေါ့ သွားလျှင် ဖြစ်နေကျ သလိုဖြစ်သည် ဟုထင်၍ ဂိမ်းဆော့ နေသည့် အခန်းရှိရာ ပြန်လာခဲ့ရာ သူ၏ နောက်ဖက် နံရံများ မျက်နှာ ကျက်များတွင်လဲ အရိပ်မည်း များက ထပ်ချပ် မကွာ လိုက်ပါလာလေပြီ..

သူအခန်း ထဲသို့အရောက် ဂိမ်းထဲမှ မောင်မြင့် ကိုလဲ သစ်သားချွန်ကြီးဖြင့် ထိုးစိုက် အပြီး ဖြစ်သွား သဖြင့်မောင်မြင့်တစ်ယောက် ခုံပေါ်စိတ်ပျက် လက်ပျက် ထိုင်ချ လိုက်ပြီး....

“ဟ ဘာလဲကွ ငါဂိမ်း ကို ရပ်ထားခဲ့တာကို ဘယ်လိုဖြစ်လို့ ငါ့ကောင် ကသေသွားတာလဲ မဟုတ်သေးပါဘူး”

သူထိုသို့ပြော ရင်း ကွန်ပြူတာထဲ လှမ်းအကြည့် သူ့အလောင်းကောင် ဘေးတွင် မိန်းမတစ်ယောက် ရောက်နေပြီး တစ်ဖြည်းဖြည်း ကွန်ပြူတာ စကရင်နား ကပ်လာပြီး ပြူတင်းပေါက်မှ ချောင်းကြည့်သကဲ့ သို့ မောင်မြင့်ကို မျက်ဆံမရှိသော အနက်ရောင် ဗြောင်မျက်ဝန်း တစ်စုံဖြင့် လှမ်းကြည့်ပြီးနောက်...

“G..A..M..E.. O..V..E..R”

ဟုလှမ်းပြော လိုက် သည်ကို သူတို့ အားလုံး မြင်တွေ့လိုက်ကြီးနောက် တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားခဲ့လေသည်..။

“ကဲသူငယ်ချင်းတို့ ငါလူတော့ ဂိမ်းအိုဗာ ဖြစ်သွားပြီဆိုတော့ ဆက်ကစားလို့ မရမယ့် တူတူ ပြန်တော့မယ် ကွာ ဘာမှလဲ မဖြစ်ပါဘူး သာမန် သရဲဂိမ်းလေး တစ်ခုပါ မင်းတို့လဲ အလကား အပင်ပမ်း ခံမနေနဲ့တော့ ကဲ သွားပြီဟေ့ ”

မောင်မြင့်ပြောပြောဆိုဆို ထထွက် သွားသဖြင့် အိမ်နားနီးပြီး ကားမရှိသဖြင့် ကပ်လိုက်လာသော ဆန်းကျော်နှင့် ဟန်သန်း တို့ ကလဲ ..

“ ဟေ့ ဟေ့ မောင်မြင့် နေအုံးလေ ငါတို့ လဲ လိုက်မယ် ဆက်မကစားတော့ ဘူးကွ”

ဟုဆိုရင်း အေးမောင်တို့ကို သုံးယောက်သား နုတ်ဆက် ၍ အိမ်အောက် ဆင်းသွား ကြလေသည်..

ခဏအကြာတွင် အေးမောင်တို့ အိမ်အောက်မှ ကားမောင်း ထွက်သွား သည့် အသံသည် တစ်ဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ် သွားပေတော့သည်..

အေးမောင်တို့၏မြင်ကွင်း

ယခု အခန်းထဲ တွင် အေးမောင် နှင့် သူ၏ အချစ်ဆုံး သူငယ်ချင်း ဘကျော်၊သောင်းအေး တို့သာ ကျန်နေခဲ့ ပြီး ဂိမ်းထဲ မှ အိမ်ကြီး ရှေ့တွင် ဘာဆက်လုပ်ရမှန်း မသိပဲ သုံးယောက် သား ရပ်နေမိကြစဉ်..

သူတို့ သုံးယောက် လုံး ၏ ကွန်ပြူတာ ဖန်သားပြင် တွင်ပေါ်လာသည်က မဲမှောင် ပြောင်လက်နေသော ကတ္တရာ လမ်းပေါ်တွင် အပြင်းမောင်းနှင် နေသော ကားလေး တစ်စီး ကားမောင်းသူနေရာ တွင် မည်သူမှ မရှိပဲ ကားနောက်ခန်းတွင် ဟန်သန်းနှင့် ဆန်းကျော် တို့ ကားဆိုဖာ နောက်မှီကို ခေါင်းတင်၍ အိပ်နေကြသည့်ပုံ ရသည်..

ကား ရှေ့ ဘောနက် အဖုံးပေါ်တွင် ဇာအကျီ ပါးဝတ်ဆင်ထားသော ဆံပင်ဖားလျှား နှင့် အမျိုးသမီးက မက်တပ် ကြီးရပ်လို့ ကားခေါင်မိုးပေါ် နှင့်ဘေးနောက် တို့တွင်လဲ အရိပ်မည်း ကြီးများ ...

“ဟင် မောင်မြင့်တို့ ကားပါလား”

ဘကျော် အလန့်တကြား ရေရွတ်လိုက်မိသည်..

“ဒုက္ခပဲ သူတို့တော့ ဒုက္ခရောက် တော့မယ် ထင်တယ် ငါတို့ နောက်က အမြန်လိုက်သွား ကြည့်မှ ဖြစ်မယ် ကဲ လာကြ သူငယ်ချင်းတို့ ငါတို့ ကွန်ပြူတာ တွေပါ ယူလာခဲ့ကြ အခုအချိန်က စပြီး ဒီကွန်ပြူတာတွေနဲ့ ဒီဂိမ်း ကို ကိုယ်နဲ့ခွာထားလို့ မရတော့ဘူး လို့ ငါတော့ထင်တယ်.”

သောင်းအေး ရဲ့ စကားအပြီး အေးမောင် နှင့် ဘကျော် တို့ ကွန်ပြူတာများ ပါ သယ်၍ ကားနှင့် မောင်မြင့်တို့ သုံးယောက် သွားရာ လမ်း အတိုင်း မောင်းနှင် လာခဲ့ပေပြီ..။

ကားပေါ်တွင် ကွန်ပြူတာ ထဲ လှမ်းကြည့် လိုက်ရာ အရိပ်မည်းများက မောင်မြင့်တို့ ကားဘေးပြူတင်းပေါက် မှ ကားအတွင်းသို့ ဝင်ရောက် သွားကြပြီး သူတို့ ၏ လက်သည်းရှည် ကြီးများ ဖြင့် ဟန်သန်းနှင့်ဆန်းကျော် တို့၏ လည်ပင်း များကို ဖြတ်တောက် လိုက်သည် ကို နောက်ဆုံး မြင်လိုက်ရပြီး သူတို့ နောက်ဆုံး တည်ရှိခဲ့ရာ ဂိမ်းအတွင်းမှ အိမ်ကြီးရှေ့ မြင်ကွင်းပြန်ပေါ်လာသည် ကိုတွေ့ကြရသဖြင့် အားလုံး စိတ်ထဲ သူတို့သူငယ်ချင်း သုံးယောက်တော့ လူ့လောကကြီးကို စွန့်ခွာ သွားကြပြီလား ဟု အတွေးတွေ ကိုယ်စီဝင်လာပြီး ကြောက်ရွံ့စိုးရိမ် စိတ်များ အနည်းငယ်စီ ဝင်လာခဲ့ ကြလေသည်..

မောင်မြင့်တို့၏ဖြစ်ရပ်မှန်

မောင်မြင့် ဟန်သန်း ဆန်းကျော် တို့ အိမ်အောက် သို့ဆင်းလာပြီး ကားကို မောင်းထွက် လာစဉ် ဟန်သန်းနှင့် ဆန်းကျော် တို့က ကားထိုင်ခုံ နောက်မှီ တွင် ခေါင်းတင်၍ အိပ်လိုက် လာကြသည်..

မောင်မြင့် ကားကို မောင်းရင်း ကားမောင်းရသည်မှာ လေးလံ လာသကဲ့ သို့ စိတ်ထဲတွင် ထင်လာသလို ကြက်သီးမွေးညင်း များ တဖြန်းဖြန်း ထလာ သဖြင့် ပတ်ဝန်းကျင် ကို ဟိုသည် ကြည့်လိုက် မိရာ ကားပြူတင်းမှန် တွင် သွေးဆုတ်ဖြူလျှော်သော မျက်နှာကြီးဖြင့် အနက်ရောင်ဗြောင်မျက်လုံး ပိုင်ရှင် အမျိုးသမီး သည် သူ့အား စူးစူး စိုက်စိုက် ကြီးကြည့်လျှက်

“G..A..M..E.. O..V..E..R”

ဆိုသော စကားလုံး ကိုသာ တွင်တွင် ကြီးပြောနေသည်ကို တွေ့လိုက် ရသည် ဒါနှင့် သူငယ်ချင်းများကို နောက်ကြည့်မှန် ထဲမှ ကြည့်လိုက်ရာ ကားနောက် ဖုံးပေါ်တွင်လည်း အရိပ်မည်းများ ထိုင်လျှက် လိုက်ပါလာသည်ကို တွေ့လိုက် ရသည်..

မောင်မြင့် ကားလီဗာ ကို တစ်ဆုံး ဖိနင်းလိုက် သဖြင့် ကားလေးက ရှေ့ကို တဟုန်ထိုး လေးမှ လွှတ်လိုက်သော မျှားကလေး တစ်စင်းကဲ့သို့ ပြေးထွက် သွားသည် ထိုအချိန် တွင် ကားဘောနက် ဖုံးပေါ်တွင် သရဲမ က သူ့ကို ပြုံးပြုံးကြီး ကြည့်နေပြီး ဖျက်ကနဲ ပျောက်ကွယ် သွားချိန် သူ့ကားရှေ့တွင် ပေါ်လာတာက သစ်ချောင်းများ တင်လာသော ကားတစ်စီး မီးမရှိပဲ လမ်းပေါ် ရပ်ထားသည် သူ့မြင်ကွင်းထဲ ဝင်လာချိန်တွင် အရာရာ နောက်ကျ သွားခဲ့ပြီ ကားကို ဘရိတ်အုပ်ပြီးရပ်တန့်ရန် ကြိုးစားသော်လဲ ကားနောက်မှ ကျော်ထွက်နေသော သစ်ချောင်းများ ရှိရာသို့ ကားက အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့လေပြီ....

သိပ်မရှေးမနှောင်းလေးမှာပဲ အေးမောင်တို့ ကား အဲဒီ အနားကို ရောက်လာ ခဲ့ပြီး သူတို့ သူငယ်ချင်းများ ကို အဖြစ်ဆိုးစွာ သေဆုံးနေကြတာကို တွေ့လိုက်ကြရပါတော့တယ်..

မောင်မြင့် က ရှေ့ကားက သစ်ချောင်း တစ်ချောင်းက ခန္ဓာကိုယ်မှာ စိုက်ဝင်လို့ ကျန်တဲ့ နှစ်ယောက် ကလဲ ရှေ့က လေကာမှန် တွေ ကွဲထွက်လာပြီး သူတို့တွေရဲ့ လည်ပင်း ကိုယ်စီမှာ စိုက်ဝင်လို့ ....

အခန်း(၄)
ကစားပွဲ၏နိဂုံး

အေးမောင် တို့ သူငယ်ချင်း သုံးယောက် ဘာလုပ်ရမှန်း မသိ ဖြစ်နေပြီ ဂိမ်းထဲမှာ လည်း သရဲခေါင်းဆောင် ကို ရှာမတွေ့ပါ....

ဒါနဲ့ ဂိမ်းဆိုင် ကို သွားပြီး ထိုထူးဆန်းသော ဂိမ်းခွေ ကို ဘယ်က ထုတ်လုပ်သလဲ သွားမေးတော့လဲ ဘယ်သူမှ ရေရေ ရာရာ မဖြေနိုင် လူတစ်ယောက် ညကြီး အချိန်မတော် ရောက်လာပြီး ဒီဂိမ်းခွေ ကို ထိုးပေး သွားပြီး ပြန်ထွက် အသွား မှာ လမ်းပေါ် မှ ကုန်ကား တစ်စီးနဲ့ တိုက်မိပြီး သေဆုံးသွားကြောင်း ဒါနှင့် ဂိမ်းအခွေကို ကောင်တာပေါ်တင်ထားမိရာမှ ကိုရွှေသန်း က အတင်းဝယ်ယူသွားကြောင်းသာ သိလာခဲ့ရသည်..။

ဒါနှင့် ဂိမ်းအခွေပေါ်ကို ကြည့်လိုက်မိတော့ လိပ်စာ တစ်ခု ဒီလိပ်စာ အတိုင်း လိုက်သွားကြည့်ကြရန် ဆုံးဖြတ်လိုက်ပြီး သူငယ်ချင်း သုံးယောက် ထွက်ခွာလာခဲ့ကြသည်..

သူတို့ ကားလေးနှင့် လိပ်စာ ရှိရာ နေရာကို ရောက်တော့ ညနေစောင်းနေခဲ့ပြီ အဲဒီလိပ်စာ တည်ရှိရာ နေရာကလဲ လူသူကင်းဝေးရာ နေရာ တစ်ခု ရှိ ကွင်းပြင်ကြီးထဲ ရှိ တောအုပ်တစ်ခုလို ဖြစ်နေသော ကြီးမားလှသည့် စံအိမ်ကြီး ထိုစံအိမ်ကြီးကလဲ သူတို့ ယခုမှ ရောက်ဖူးပေမယ့် အစိမ်းသက်သက်တော့ မဟုတ်ပါ ဂိမ်းထဲတွင် တွေ့ဖူးနေသည့် စံအိမ် ကြီးပင် ဖြစ်တော့သည်..

သူတို့သုံးယောက်သား ကွန်ပြူတာ တွေ ကိုယ်စီဖွင့် ကြည့်လိုက် မိတော့လဲ ကွန်ပြူတာထဲတွင် စံအိမ်ကြီးရှေ့ သူတို့ကား ရပ်ထားပြီး သူတို့ သုံးယောက် ကို သူတို့ ပြန်လည် တွေ့မြင်နေရသည်..

“ကဲ သူငယ်ချင်းတို့ ငါတော့ ဒီဂိမ်း ကြီးကို အဆုံး သတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ငါ့ တစ်ဦးတည်းသော အကိုရယ် အချစ်ဆုံး သူငယ်ချင်းတွေ ရယ် ကို ရက်ရက်စက်စက် ဝိညာဉ်နုတ် သွားတဲ့ ဒီဂိမ်း ကို နောက်ဘယ်သော အခါမှ ပြန်ပြီး ဆော့လို့ မရအောင် အဓိက မိန်းဖြစ်တဲ့ ဟို သရဲမ ကို ရှာပြီး အနိုင်တိုက် မယ်..”

“အေး ကောင်းတယ် ငါလဲ အိမ်ခဏ ပြန်တုံး လိုရမယ်ရ ယူလာတဲ့ လက်နက်တွေ ပါလာတယ် ဒီမှာ ကြိုက်ရာ ရွေးယူကြ ပေတော့”

သောင်းအေး က ပြောပြောဆိုဆို ကားနောက်ခန်း ထဲမှ သူ့အထုပ် ကြီးကို ဖွင့်ပြီး သူကြိုက်ရာ လက်နက် ကို ရွေးယူနေသည်.. အေးမောင် နှင့် ဘကျော် တို့လဲ လေဆာပွိုင်တာ နှင့် ဓါတ်မီး အသင့် တပ်ဆင် ထားသော ပစ္စတို တစ်လက်စီ နှင့် ဓါးတစ်ယောက် တစ်ချောင်းစီ ယူလိုက်ကြသည်...

ပြီးတော့ အေးမောင် တစ်ယောက် လမ်းနဘေး တွင်ပေါက်နေသော သစ်ပင်မှ သစ်ကိုင်း တစ်ကိုင်းကို ခုတ်ယူပြီး ထိပ်ကို ချွန်လိုက်ရာ လှံတစ်ချောင်း ကဲ့သို့ ဖြစ်သွားသည်..

“ငါတို့ သရဲမ ကို ရှာပြီး ဒီသစ်သားချွန် နဲ့ သူ့ရဲ့ နှလုံးသား တည့်တည့် နေရာကို ထိုးစိုက် နိုင်မှ သရဲမ သေမှာကွ”

ဟူသော အေးမောင် ၏ စကားကို ကျန်သူငယ်ချင်း နှစ်ယောက်ကလဲ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်ပြီး သူတို့လဲ အေးမောင် လုပ်သလို လိုက်လုပ်လိုက်ကြရာ သုံးယောက်သား ကိုယ်စီ သစ်သားချွန် တစ်ချောင်း စီဖြင့် တိုက်ပွဲ ဝင်တော့မည့် ရှေးဟောင်း ရောမ ဂလက်ဒီရေတာ သူရဲကောင်းများ ကဲ့သို့ တိုက်ပွဲ ဝင်ရန် အသင့် ဖြစ်နေကြလေပြီ..

ထိုနောက်တော့ အိမ်ကြီး၏ ခြံဝင်းတံခါး ရှိရာဆီ လျှောက်လှမ်း လာခဲ့ကြရာ ခြံဝင်းတစ်ခါး ကြီးသည် သူ့အလိုလို သူတို့အား ကြိုဆိုနေသကဲ့ သို့ပွင့်လာသည်ကို တွေ့ရှိလိုက်ကြရပေသည်...

“ကျွီ..”

သူတို့သုံးယောက်လဲ အသက်သေချင်သေပစေတော့ ဟု ဆုံးဖြတ်ထားကြပြီး ဖြစ်လေရာ ကြောက်ရွံ့မှု မရှိတော့ပဲ ခြံဝင်းကြီးထဲသို့ တစ်လှမ်းခြင်း ဝင်ရောက်လာခဲ့ ကြပေတော့သည်..

အိမ်ကြီးသည် ခြံဝင်းပေါက်မှ အတော်လေး လှမ်း၏ ခြံဝနှင့် အိမ်၏ ဆင်ဝင် အောက် တံခါးမ ကြီးထိကို ကားလမ်းဖြင့် ဆက်သွယ် ထားလေသည် ယခင် က မိသားစုဝင်များ ဖြင့် စည်ကားနေမည် ဖြစ်သော အိမ်ကြီးနှင့် ခြံကြီးမျာ ယခု အချိန်တွင်တော့ ခြောက်ချား ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက် နေပြီး အလှစိုက်ပျိုးထားသော ပန်းပင်များမှာလဲ ပျက်စီးသည်က ပျက်စီး အရိုင်းပင်များ ဖြစ်သည်က ဖြစ်လျှက် နေသည်ကို တွေ့ရှိ ကြရသည်..

သူတို့ အိမ်ကြီးထဲ ဝင်ရောက် သွားသည်နှင့် ကြိုဆိုပုံ ကလဲ သင်းလှပါသည် မီးပန်းဆိုင်းများက သူ့အလိုလို ဟိုယိမ်း သည်ယိမ်း ဖြစ်လာသည် နံရံတွင် ချိတ်ထားသော ဓါတ်ပုံများ ကလဲ အကုန် ပြုတ်ကျသည်က ကျ လူမရှိသည့် အိမ်ကြီးတွင် အပေါ်ထပ် အခန်းများထဲ မှ စကားပြောသံများ ရယ်သံများ ကို လဲ ကြားနေကြရသည်..

သူတို့လဲ ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခိုက် အပေါ်ထပ် လှေကားထိပ်နားမှ အရိပ်တစ်ခု လှစ်ကနဲ လမ်းလျှောက် သွားသည်ကို တွေ့လိုက်ကြရသည်..

အေးမောင် စဉ်းစားရင်း အကြံတစ်ခုရသွား သလို ထိုအကြံအတိုင်း အကောင်အထည် ဖော်ဖို့လဲ ဆုံးဖြတ်လိုက်သည်.

“ကဲ ဘကျော် မင်းက ဒီဧည့်ခန်းမကြီးထဲက ဘယ်မှ မသွားနဲ့ ကွန်ပြူတာဖွင့်ပြီး ငါနဲ့ သောင်းအေး နဲ့ သွားရာ လမ်းကို ကြည့်ပြီး လမ်းကြောင်းညွန်ပြ ပေး ငါတို့နှစ်ယောက် သရဲမ ကိုလိုက်ရှာမယ် ဖြစ်တယ် မဟုတ်လား..”?

“ဟ သိပ်ဖြစ်တာပေါ့ ကွာ မင်းတို့ နှစ်ယောက် သာ သတိဝီရိယ ရှိကြပစေ”

“ကဲ ဒါဆို ငါဖုန်းဖွင့်ထားပြီး နားကြပ် တပ်ထားမယ် မင်းတွေ့တာ တွေကို ငါ့ကို ပြောပေတော့ လာဟေ့ သောင်းအေး သွားမယ် ”

အေးမောင်ပြောပြောဆိုဆို သောင်းအေးကို ခေါ်ပြီး အိမ်ပေါ်သို့ တက်သွားလိုက်သည်..

အိမ်ပေါ်တွင် သူတို့ တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာသော်လည်း ဘာမှ မတွေ့ပါ ဒါနှင့် အောက်ပြန်ဆင်းလာခဲ့ ကြသည်..

ပြီးနောက် အိမ်အောက်ထပ် မီးဖိုချောင် ဘက်ဆီသို့ ရောက်သွားချိန် တွင် မီးဖိုချောင် နှင့် ကပ်ရပ် ဘီဒို တစ်လုံး ကဲ့သို့ ဖြစ်နေသာ နေရာမှ တံခါး သည် ဖြည်းဖြည်းချင်း ပွင့်လာပြီး အမျိုးသမီး တစ်ယောက် လှစ်ကနဲ ထိုအထဲ ဝင်သွားသကဲ့ သို့ တွေ့လိုက် သဖြင့် သတိနှင့် အနားကပ် သွားပြီး ကြည့်ကြည့်လိုက်ရာ ဘီဒို မဟုတ်ပဲ မြေအောက်ခန်း ထဲသို့ ဆင်းသည့် လှေကား ဖြစ်နေသည်..

ထိုအချိန်မှာပင်..

“ဟေ့ အေးမောင် မင်းရှေ့မှာ သရဲမ ရပ်နေတယ် သတိထား”

ဘကျော်၏ အသံက နားကျပ် ထဲမှ တစ်ဆင့် ထွက်ပေါ်လာ သဖြင့် အေးမောင် မြေအောက်ဆင်းသည့် လှေကားကို ကြည့်သော်လည်း ဘာမှ မတွေ့..

“ဘယ်မှာလဲကွ”

“ငါ ကွန်ပြူတာထဲ မှာ မင်းတို့ မြေအောက်ဆင်းတဲ့ လှေကားနား သွားတာလဲ တွေ့လိုက်တယ် အဲဒီအထဲ ကို သရဲမ ဆင်းသွားတာလဲ တွေ့တယ် သူက ဝင်ဝင်ခြင်း မဆင်းသွားသေးဘူးကွ အဲဒီနား ရပ်နေတာ မင်းတို့ ရောက်လာတော့ မင်းကို သူ တစ်ခုခု လုပ်ဖို့ ကြံသေးတယ် ငါက ဒီမှာ ဂိမ်းထဲကနေသူ့ကို ဓါးနဲ့လှမ်းခုတ်လိုက်လို့ သူပြေးသွားတယ် အခု ငါ မင်းတို့နားမှာ ရှိနေတယ် ကဲ ဆက်ဆင်းကြရအောင် ငါရှေ့ကနေ သွားမယ် ပြီးရင် အခြေအနေ တွေ မင်းတို့ကို ပြောပြမယ်”

ဘကျော် တစ်ယောက် ဂိမ်းထဲ မှ လှေကား အတိုင်း ဆင်းသွား သည် နောက်မှလဲ အေးမောင် တို့ နှစ်ယောက်ကလိုက်လာသည် ကို တွေ့နေရသည်.. ဒါပေမယ့် သူမတွေ့ တာကတော့ သူအပြင်မှာ ကွန်ပြူတာကို အာရုံစိုက်နေတုံး သူ့နောက် တွင် လာရပ် နေသည့် သရဲမ ကို သာ ဒီနောက်တော့ အေးစက်စက် အရာ တစ်ခု သူ့လည်ပင်း ကို လာထိတွေ့သဖြင့် လှည့်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မိသွားတာကတော့ သရဲမ ၏ မျက်နှာက သူ့မျက်နှာနှင့် ကပ်လို့ သရဲမက သူ့လည်ပင်းကို လျှာဖြင့် လာတို့ထိနေသည် ကို တွေ့လိုက်ရသည်.. ဘကျော် တစ်ယောက် နှလုံးသား တစ်ခုလုံး သူ့ခန္ဓာကိုယ် အပြင်သို့ ဖောက်ထွက် သွားသကဲ့ သို့ခံစား လိုက်ရပြီး တစ်ချက်သာ စူးစူး ဝါးဝါး အော်လိုက်နိုင်သည်..

“အားးးးးးးးးးးးးးး”

ဒီနောက်တော့ ဘကျော်တစ်ယောက် သူ့ကွန်ပြူတာ ပေါ်ခေါင်းငိုက်စိုက် ကျသွားခဲ့လေပြီ...

“ဘကျော် ဘကျော် သူငယ်ချင်း”

နားကြပ် ထဲမှ ဘကျော်၏ စူးဝါးသော အော်သံကို ကြားလိုက်ရသဖြင့်အေးမောင် တစ်ယောက် ဖုန်းထဲမှ လှမ်းခေါ်ပါသော်လည်း အဖြေက ပြန်မလာ ပါတော့..

“တောက်”

အေးမောင် တောက်တစ်ချက်သာ ပြင်းပြင်းထန်ထန် ခေါက်လိုက်မိသည်..

သူငယ်ချင်း တစ်ယောက် သွားပြန်ပြီပေါ့..

သူတို့ မြေအောက်လမ်း အတိုင်း တစ်လှမ်းချင်း ဆက်တိုးသွားရာ အဆုံး တွင် မတော့ အပေါ်သို့ ပြန်တက်သည့် လှေကား ကို တွေ့သဖြင့် လှေကားအတိုင်း တက်သွားပြီး တံခါးကို ဖွင့်လိုက်ရာ ဆေးရုံ တစ်ခု ၏ ရေခဲတိုက် ကဲ့သို့သော အခန်းတစ်ခန်း အတွင်းသို့ ရောက်သွားသည်..

အခန်း၏ အလည်ခေါင် တွင် အလောင်း တင်၍ ပြင်ဆင် ရန်ဖြစ်ပုံ ရသော စတီး ကုတင်တစ်လုံး ရှိနေသည် ထိုခုတင်ပေါ်တွင်တော့!!!

“ဟင် ဘကျော်”

ဟုသာ အေးမောင် တစ်ယောက် ရေရွတ် လိုက်နိုင်တော့သည်..

သေခါနီး အလွန်ထိတ်လန့်စရာ တစ်ခု ကို မြင်တွေ့ခဲ့ရပုံ ဖြင့် ဘကျော် ၏ မျက်ဝန်း များ က ဝိုင်းစက် ပြူးကျယ် လို့ လည်ပင်းတွင်လည်း အကောင်တစ်ကောင် ကိုက်ခဲ ခံထားရ သကဲ့သို့ အသားများက စုတ်ပြတ်ပြီး သွေးများက ယခု အချိန်ထိ ယိုစိမ့်ထွက်နေဆဲ..

သူတို့ အခန်းအပြင် သို့လှမ်းထွက် လိုက်ရာ အတန်အသင့် ကျယ်ဝန်းသော အခန်း တစ်ခန်းထဲ ရောက်သွားသည်..

ထိုအခန်းထဲ တွင်တော့ လူများ ထိုင်ရန် ခုံများ အစီအရီချ ထားသည်ကို တွေ့ရသဖြင့် သေသူကို နောက်ဆုံး အနေဖြင့် အသုဘ ရှုရန် လာသူများကို ဧည့်ခံသည့် နေရာ ဖြစ်မည် ဟုတွေးလိုက်မိသည်..

ထိုအခန်း အတွင်းရှိ ပြူတင်းပေါက် မှ လှမ်းကြည့်လိုက်ရာ မလင်းတလင်း မသာချင့်သာချင် သာနေသော လရောင် မှုန်ဝါးဝါး ၏ အောက်တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသော အုတ်ဂူများကို ဖြတ်၍ အမှောင်ထဲ ထီးထီးကြီး ဖြစ်နေသော စံအိမ် ကြီးကို တွေ့လိုက် ရတော့သည်..

ထို အချိန်ရောက်မှ သူတို့ အိမ်ကြီးနောက်ဖက်က လူသေကောင်များ ထားရာ ပြင်ဆင်ရာ အိမ်လေးထဲ ရောက်နေမှန်း သိရှိလိုက်ရတော့သည်..

သူတို့ ကြည့်နေစဉ်မှာပင် အုတ်ဂူများ လှုပ်ရှား လာသယောင် ထင်သဖြင့် သေချာ ကြည့်လိုက်မိရာ အုတ်ဂူများ လှုပ်ရှား လာခြင်း မဟုတ်ပဲ မီးခိုး လိုလို အရိပ် လိုလို အရာများ အုတ်ဂူ များ ထဲမှ ထွက်လာခြင်းဖြစ်နေသည်ကို တွေ့လိုက် ကြရသည်..

သူတို့ နှစ်ယောက် သရဲမ ကို အမြန်ဆုံး ရှာတွေ့ဖို့ လိုပြီ ဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် ရောက်ရှိနေသော အခန်းနှင့် ဆက်လျှက် ရှိသော အခန်းတွင်း ဝင်သွားလိုက် ကြရာ ..

တွေ့ပါပြီ သန့်ရှင်း သပ်ရပ် စွာ ပြင်ဆင်ထားသော ကုတင်ပေါ်တွင် သူတို့ ဂိမ်းထဲ အမြဲ မြင်ရသော သူရဲမ လှဲလျှောင်း လျှက် ဒါပေမယ့် အပြင်မှာတော့ မျက်ဝန်းနက် ကြီးလဲ မရှိပါ နှစ်ပေါင်းများ စွာဤနေရာ တွင် ထားထားသော်လည်း ပုတ်သိုး ဆွေးမြေ့ခြင်းလည်း မရှိပဲ ပကတိ လူကောင်း တစ်ယောက် အိပ်နေသကဲ့ သို့ ဖြစ်နေသည်..

အေးမောင်နှင့်သောင်းအေးတို့ တစ်ဦးကို တစ်ဦး မျက်ရိပ် ပြလိုက်ပြီးနောက် ကုတင်၏ ဟိုဘက် သည်ဘက် နှစ်ယောက် ခွဲ ၍ တိုးကပ် သွားကြသည်..

ကုတင်ဘေး နှစ်ယောက်သား ရောက်ရှိ သွားသည့် အခိုက်လေးတွင်ပင် သောင်းအေး ၏ နောက်ဘက် အဝင် တံခါးပေါက်မှ အရိပ်မည်း များတိုးဝင်လာပြီး သောင်းအေး ကို ဝိုင်းဝန်း ဆွဲမြှောက် ကိုင်ပေါက် လိုက်သည်မှာ သောင်းအေး တစ်ယောက် တစ်ခန်းလုံး ရှိ နံရံများ မျက်နှာကျက် များ နှင့် မိတ်ဆက် သွားပြီး တစ်ကိုယ်လုံး ကြေမွ သွားသည်ထင် နှာခေါင်း ပါးစပ် နား မျက်လုံး တို့မှ သွေး များ ယိုစီး ကျလာပြီး ကြမ်းပြင်ပေါ်တွင် ငြိမ်သက် သွားခဲ့ လေပြီ..

အေးမောင်တစ်ယောက် သူငယ်ချင် ဖြစ်သူ အတွက် နာကျည်းခံပြင်း စိတ်များဖြင့် သစ်သားချွန် ကို လူသေအလောင်း ၏ နှလုံး တည့်တည့် နေရာသို့ ရိုက်သွင်းရန် တင်လိုက်ချိန်မှာပင် အမျိုးသမီး ၏ မျက်လုံးများ ပွင့်လာပြီး ထရန် လှုပ်ရှားလာသဖြင့် အလျှင်အမြန် ပင် သပ်ချောင်း ကို ရိုက်သွင်းလိုက်ရာ..

“အူးးးးးးးး အီးးးးးးးးးးး အားးးးးးးးး ”

အသံပေါင်းစုံ ရေရွတ်သံ များဖြင့် အေးမောင်ရှိရာ ဦးတည်လာနေသော အရိပ်မည်း များသည် မီးခိုးများ သဖွယ် အပေါ်သို့ လွင့်ပျံ ပျောက်ကွယ် သွားသလို အမျိုးသမီး အလောင်းကောင်မှာလဲ တစ်ဖြည်းဖြည်း လေထွက်သွားသည့် မီးပုံးပျံ ကဲ့သို့ ပိန်ရှုံ့သွားပြီး အရိုးချောက် သာသာ ကျန်နေတော့သည်...

ယခု အားလုံး ပြီးဆုံး သွားခဲ့ ပါပြီ အေးမောင် တစ်ယောက် အိမ်ကြီး ရှိရာ သို့ ပြန်လာ၍ ကွန်ပြူတာများ ကို သိမ်းဆည်း ကားပေါ် တင်ကာ မကောင်းဆိုးဝါးတို့ ပျော်စံရာ အိမ်ကြီးကို စွန့်ခွာ၍ ထွက်လာ ခဲ့ပါတော့တယ်..

အေးမောင် တစ်ယောက် ဘုရားရှစ်ခိုး ကျောင်းတစ်ကျောင်း ၏ ရှေ့တွင် ရောက်ရှိနေသည်.. သူစိတ်ကူးသည်က ဒီဗွီဒီယို ဂိမ်းကို မည်သည့် လူတစ်ဦးတစ်ယောက် ၏ လက်တွင်းကို မှ မကျရောက် စေချင်တော့ ဖာသာကြီး ကိုပြော၍ အပြီး အပ်နှံ ခဲ့ရန် စိတ်ကူး ခြင်းဖြစ်သည်..သူဂိမ်းကို အောင်မြင်အောင် ကစားခဲ့ပြီး ဖြစ်သော်လည်း ဒီအကြောင်း ကို တစ်ဦးတစ်ယောက် သိစေရန် ပြောပြချင်သည် အပြင်လူများကို သွားပြောလျှင် သူ့ကို ရူးနေပြီ ဟု အရူး ထောင်ကို ပို့လိုက် ကြမှာ သေချာသည်... နောက်ပြီး သူ့စိတ်တွေက လေးလံ ထိုင်းမှိုင်းလျှက် ရှိသည်.. တစ်ခုခု ထပ်ဖြစ်မည် ဟုလည်း စိတ်ထဲ ထင်နေသည် ဒါကြောင့် ဖာသာကြီး ကို ဒါတွေ ပြောပြခဲ့ဖို့ သူစိတ်ကူး မိခြင်း ဖြစ်လေသည်..

သူ ဘုရားရှစ်ခိုးကျောင်း တံခါးပေါက် သို့ အရောက် နောက်ဆုံး အနေဖြင့် သူ့ကွန်ပြူတာကို ဖွင့်ကြည့်လိုက်မိသည်...

သူအကြီးအကျယ် အံ့သြ သွားရ ပါပြီ အဘယ်ကြောင့် ဆိုသော် ဂိမ်းထဲတွင် သူရှိနေဆဲ သူကွန်ပြူတာ ကြည့်နေသည့် ပုံ ကို ဘုရားရှစ်ခိုးကျောင်း အပေါ်ခေါင်မိုးပေါ်တွင် စိုက်ထူထားသော လက်ဝါးကပ်တိုင် ကို မြှောက်ပင့် ပေးထားသည့် သံချောင်းကို မှီ၍ သူ့ကို ငုံ့ကြည့်နေသည့် သရဲမ ကို တွေ့လိုက် ရသောကြောင့် ဖြစ်ပါသည်.. ဒါနှင့် သူ ကမန်းကတန်း အပေါ်သို့ မော့ကြည့်မိလိုက်သည့် အချိန် အပေါ်မှ အရာဝတ္တု တစ်ခု သူ့ဆီ တန်းတန်း မတ်မတ် ကြီးကျလာသည် ကိုသာ နောက်ဆုံး တွေ့ရှိလိုက်ရပြီး သူအမှောင် ကမ္ဘာထဲသို့ လွင့်မျောသွားခဲ့ ပါတော့သည်....

အခန်း(၅)
အမွေဆက်ခံသူ

မနက်မိုးလင်း သည့်အချိန် ဘုရားရှစ်ခိုးကျောင်း အတွက် သန့်ရှင်းရေး လုပ်ရန် ကျောင်းသားကလေး ဘုရားရှစ်ခိုးကျောင်း ရှေ့သို့ အရောက် မြင်တွေ့လိုက် ရသည် က အဝင်ပေါက် တံခါး ရှေ့တွင် မိုးပေါ်သို့ မော့ကြည့်နေသည့် ပုံစံဖြင့် မော့နေသော ဦးခေါင်း မှ ဝင်သွားပြီး မြေကြီးပေါ် စိုက်နေသည့် သံချောင်းကြီး တွင် တံကျင်လျှိုထားသကဲ့ သို့ မတ်တပ် ကြီး သေနေသော လူရွယ် တစ်ဦး သူ၏ ဘေး တွင် မြေကြီးပေါ် သို့ ပြုတ်ကျနေသော ကွန်ပြူတာ တစ်လုံး ..

ကျောင်းသားလေး လန့်သွားသော်လည်း ဒီလို ကွန်ပြူတာ မျိုး သူလိုချင်တာ ကြာပြီ သူတို့မှာ မိဘမဲ့ ကလေးများ ဖြစ်သဖြင့် ဘုန်းကြီးကျောင်းမှ ခေါ်ယူ ကျွေးမွေးထားသောကြောင့် ကွန်ပြူတာ နှင့် အလှမ်းဝေး လှသည်..

သူကမန်းကတန်း ကွန်ပြူတာကို ယူပြီး ခြုံတစ်ခု အတွင်း ဖွက်ထားလိုက် ပြီးမှ ကျောင်းထိုင် ဖာသာ ကြီးကို သွားအကြောင်းကြားလိုက် တော့ ဖာသာကြီးက ရဲကို အကြောင်းကြားလိုက် သဖြင့် ရဲများ ရောက်လာပြီး စစ်ဆေးကြသည်..

ကျောင်းသားကလေး တစ်စွန်းတစ်စ ကြားရသလောက်တော့

“အတော်ထူးဆန်းတယ်ကွ အမိုးပေါ်က ဒီသံချွန်က အောက်ကို ပြုတ်ကျ လောက်အောင် မဆွေးမမြည့်သေးဘူး အကောင်းကြီးက ထက်ပိုင်းကျိုးပြီးကျတယ် နောက် ဒီလူကလဲ တိုက်တိုက် ဆိုင်ဆိုင် ဒီအောက် ကို ရောက်လာပြီး သူ့ပါးစပ်ကနေ သံချောင်းက ဝင်သွားပြီး စအိုကနေ ပြန်ထွက် နောက်တော့ မြေကြီးမှာ သွားစိုက် နေတော့ ဒီလူ က မတ်တပ် ရပ်လျှက် သားကြီး သေရတဲ့ ဘဝကို ရောက်ရော မယုံနိုင်လောက်အောင်ပဲ ကွာ လောကကြီးမှာ ဒီလို တိုက်ဆိုင်မှုမျိုးတွေက နေရာတိုင်း ရှိနေသလား မသိတော့ပါဘူး.”

ညဘက် ရောက်သည့် အချိန် ကျောင်းသားကလေး သူ့အခန်း တံခါး ကိုလုံခြုံ အောင် ပိတ်လိုက် ပြီး ကွန်ပြူတာ ကို စားပွဲ ပေါ်တင်၍ စိတ်လှုပ်ရှား စွာဖွင့်လိုက်သည်..

ကွန်ပြူတာထဲ တွင် အဆင်သင့် ရှိနေပုံ ရသော ဂိမ်းတစ်ခု ကွန်ပြူတာ မျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး...

သင့်..အမည်..ဖြည့်ပါ...

သင်..ကိုင်ဆောင်မည့်.. လက်နက်... ရွေးပါ..

ညဥ့်ကလဲ နက်သထက် နက်လာ လေပြီ.......

16 comments:

  1. အားပေးတယ်ဗျာ...
    သရဲကားပြည့်လိုက်ရသလိုပဲ...ကောင်းတယ်ကိုလင်းထက်ရေ

    ReplyDelete
  2. ဦးရီးတော်က လည်း ဆက်ရန် ရှိသေးတာဘဲပေါ့...။ကျောင်း သားလေး လက်ထဲ ဂိမ်းရောက်သွားပြီလေ...။ ဒါပေမယ့် အရမ်းကောင်းတယ်..မင်းသား မင်းသမီး မပါတဲိ့ဇာတ်လမ်းလေး..။ရင်တထိတ်ထိတ်နဲ့ အခုနကဘဲ သူရဲကားကြည့်ဲ ပြီးတာ..။ အခုလည်း ထပ်ဖတ်လိုက်တော့ တစ်ယောက်ထဲ အိပ်ရဲတော့ဘူး..။

    ReplyDelete
  3. ဟူး...။ အခုမှသက်ပြင်းချနိုင်တယ်...။ အဲ့ဒီ့ကောင်တွေ အကုန်သေသွားတာပဲ ကောင်းတယ်...။

    ReplyDelete
  4. Spy (သရဲမ နောက်ကို ခြေရာခံ လိုက်တဲ့ပုံကို မြင်ယောင်ပီး)
    သရဲကြောက်စိတ်ပျောက်ပီး ထိုင်ရီနေမိတယ် ...(ဟီး2)
    ကောင်လေးပြောသလိုပဲ .. နောက်ဆက်တွဲရှိသေးမယ်ထင်တယ်နော်

    ReplyDelete
  5. အေးမောင် ဇာတ်သိမ်းပုံကလည်း ကြောက်ခန်းလိလိ ပါပဲ။
    အတွေးတွေကို နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။

    ReplyDelete
  6. မရဏ ကစားပွဲကို ဖတ်ရူသွားတယ် လင်းထက်ရေ။ မင်း ဖိုရမ်က
    ဆရာဇော်ဇော်အောင်ရဲ့ ပို့စ်မော်ဒန်သီဝရီကို ဖတ်ရတာ စာအုပ်က စောက်ထိုး
    ဖြစ်နေတယ်ဟ။ အဲဒါ အတည့်ပြန်ဖြစ်အောင် လုပ်ပါအုံး၊ဖြစ်မယ်ဆိုရင် ငါ့ဆီ
    ပို့ပေးပါလား၊ လိုချင်လို့၊ ko.aungdk@gamil.com ပါ။ ကျေးဇူးနော်
    လင်းထက်ရေ။

    ReplyDelete
  7. အီး ကြောက်တယ် ညကလာဖတ်သေးတယ် ပြီးပြီးချင်း အမြန်ပိတ်လိုက်တာ သရဲမထွက်လာမှာစိုးလို့ ခုမိုးလင်းမှ အရဲစွန့်ပြီး ကောမန့်လာပွတ်တာ ဟီးးး ဒါမျိုးတွေပဲ ရေးရင်တော့ နာ့အကိုပဲနာမည်ကြီးမလား နာပဲညညအိပ်မပျော်ဖစ်မလား တိဘူး မောင်အေး အဲ အေးမောင်သေတာ အဆိုးဆုံးပဲ မီးမီးကြောက်ကြောက်

    ReplyDelete
  8. ည တစ်နာရီမှာ လာဖတ်မိ.

    ReplyDelete
  9. သရဲဆို ဝေးဝေးရှောင်တယ်ဗျိုး ငယ်ငယ်တည်းက .. ခုကျမှ သရဲပုံပြင်နဲ့ လာတွေ့နေတယ် :D ။ ကောင်းတယ် အကိုရာ ပထမပိုင်းပီးတည်းက စောင့်နေတာ ခုမှပဲ ပြည့်စုံတော့တယ်။ ဂွတ်စွ

    ReplyDelete
  10. ဆက်ရန်ရှိသေးလားညီလေး ဖတ်လို့ကောင်းနေတုန်းပဲရှိသေးတယ်..
    ရုပ်ရှင်ကြည့်နေရသလိုပါပဲ...

    ReplyDelete
  11. ညနေစောင်းလေး လာဖတ်မိလို့တော်ပါသေး၊ဟူး....ကောင်းတယ်

    ReplyDelete
  12. စိတ်ဝင်စားစရာ ကောင်းတယ်ဗျာ။ ရုပ်ရှင်ရှိလားဗျ ကြည့်ခြင်လို့
    ဒါမှမဟုတ် ကိုယ်ပိုင် အတွေဆိုရင်တော့ ရုပ်ရှင် ရိုက်ဖို့ အလွန်ကောင်းတဲ့ ပို့စ်ပဲဗျ။

    ReplyDelete
  13. ကိုလင်းနော်.. တစ်ယောက်ထဲနေပြီး သရဲအကြောင်းတွေကြီး လိုက်မတွေးနဲ့ သရဲမကြီး လာမှ ဒုက္ခလှလှတွေ့သွားမယ် :P :D :)

    ReplyDelete
  14. ကိုလင်းထက်.. စာရေးတဲ့သူက စာဖတ်တဲ့သူထက် ပိုခံစား သက်ဝင်ပြီးရေးမှ အဲဒိစာက ဖတ်လို့ကောင်းတာလေ.. ခု သူများတွေ တော်တော်ကြောက်နေရတယ်ဆိုတော့.. ဒီပိုစ့်ရေးတုန်းက ကိုလင်းထက်ကြီး ရှူးရှူးတွေ ထွက်ကျလေမလား.. အဟိ....
    ကိုလင်းထက်ရေ.. မဗေဒါကတော့လေ.. သရဲဇာတ်လမ်းဆို အဲဒိ သရဲဖြစ်ပေါ်လာပုံနဲ့ အဲဒိသရဲကို နိုင်မှကြိုက်တယ်.. အနောက်တိုင်းသရဲကားတော်တော်များများက အဲလို တန်းလန်းထားတတ်လို့ မကြိုက်ဘူး.. ယိုးဒယားသရဲကားတွေက သရဲ သမိုင်းနဲ့ ပြီးတော့ နိုင်လဲနိုင်တာများလို့ကြိုက်တယ်...
    ပြီးတော့လေ. မရှင်းတာလေးရှိလို့.. သရဲအိမ်ထဲရောက်သွားတော့.. ၂ယောက်က သွားပြီး ၁ယောက်က ကွန်ပြူတာမှာထိုင်ကြည့်တယ်ဆိုတော့.. ဟို၂ယောက်မဆော့တော့တဲ့ အချိန်မှာ အဲဒိ ၂ယောက်ရဲ့ ဂိမ်းထဲက ၂ယောက်က သေမှာပေါ့.. အဲလိုဆို သူတို့ ၂ယောက်လဲ သေမှာပေါ့... အဲဒိနေရာလေး နားမလည်ဘူး...
    အစ်ကို့ သရဲဇာတ်လမ်းတွေ ဖတ်ရတာကြိုက်ပါတယ်.. နောက်ရေးမယ်ဆို သရဲကို နိုင်တာပဲရေးနော်.. အဟီး...

    ReplyDelete
  15. ဇာတ်သိမ်းလေးကို စိတ်ဝင်တစားနဲ့ဖတ်သွားပါတယ် အကိုလင်းထက်ရေ
    စောင့်နေတာကြာပြီ.. တကယ့်ကို လျှို့ဝှက်သဲဖို ဇာတ်လမ်းလေးပါပဲဗျာ

    ReplyDelete
  16. အားး.... ကြောက်စရာ.....
    ဒါပေမယ့် စိတ်ကလည်းဝင်စားသေးတယ်.. ဟီးး..... ကြောက်ကြောက်နဲ့ပဲ ဖတ်သွားပါတယ်.......

    ReplyDelete